စစ်ရှောင်စခန်းတွေကို တိုက်ခိုက်လာတဲ့ စစ်ကောင်စီလေတပ်ကြောင့် ထိတ်လန့်စွာ ရှင်သန်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တချို့ဆို

စစ်ရှောင်စခန်းတွေကို တိုက်ခိုက်လာတဲ့ စစ်ကောင်စီလေတပ်ကြောင့် ထိတ်လန့်စွာ ရှင်သန်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တချို့ဆို

ဘူးသီးတောင် – ၂၀၂၄ နိုဝင်ဘာ ၁၂ ( မော်ကွန်း)

စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီ ကြောင့် အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရတယ်လို့ ဗုံးကြဲခံရတဲ့ ရခိုင်စစ်ရှောင်စခန်းတွေက ဒုက္ခသည်တချို့က ပြောပါတယ်။

” အကုန်လုံးကို ဆုံးရှုံးပြီး ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေကိုတောင် တမင်လိုက်သတ်နေတယ်။ ကျွန်တော်တို့မှာ ပိုင်ဆိုင်တာဆိုလို့ အသက်ပဲ ကျန်တော့တယ်။ ဒါတောင် အလွတ်မပေးသေးဘူး။ အဲဒီနေ့ကလည်း ကျွန်တော်တို့ အိပ်နေတဲ့ ကျောင်းဆောင်နားက အဆောင်မှာလာကျတာ။ ကံကောင်းလို့မသေလိုက်တာ” လို့ ဒီလ ၉ ရက်က လေကြောင်းတိုက်ခိုက်ခံရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“ အနီးအနားက လူတွေတော့ ထိခိုက်သေဆုံးသွားရတယ်။ ကိုယ့်မျက်စိရှေ့တင်ပဲ ဖြစ်ပျက်သွားတာဆိုတော့ ဆက်မနေရဲတော့ဘူး။ တစ်ခြားထွက်ပြေးစရာ နေရာလည်း မရှိဘူး” လို့ အထက်ပါစစ်ဘေးရှောင်က ဆက်ပြောတယ်။

ဘူးသီးတောင်မြို့က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို ည နှစ်နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်နှစ်ဦးသေဆုံးခဲ့ကာ ဆရာတော်တစ်ပါးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

ဒီမတိုင်ခင် ဒီလ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နယ်နဲ့ ကပ်လျက်က မောင်တောမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် လေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

” စစ်ဘေးရှောင် စခန်းတွေမှာ အငတ်ငတ်အမွတ်မွတ်နဲ့ အားတင်းခံနေရတဲ့အထဲ လေယာဥ်ကိုပါ ကြောက်လန့်လာနေရတယ်။ အရင်တုန်းကဆို စစ်ရှောင်စခန်းထဲမှာနေရင် လုံခြုံသလို ခံစားရတယ်။ အခုတော့ စစ်ရှောင်စခန်းထဲမှာ နေရမှာကို ကြောက် နေပြီ။ စစ်ဘေးရှောင် စခန်းတွေချည်း အပစ်ခံနေရတော့ ကိုယ်တို့နေတဲ့ နေရာကိုလည်း လာပစ်မလားဆိုတဲ့ အကြောက်တရားတွေနဲ့ ညအိပ်ရမှာကိုတောင် ကြောက်လာတယ်” လို့ မောင်တော စစ်ဘေးရှောင်စခန်းက စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

ဒီနှစ် စက်တင်ဘာ ၂၆ ရက်ကလည်း အာရက္ခတပ်တော်(AA) သိမ်းပိုက်ခဲ့ပြီးဖြစ်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့ပေါ်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မြို့တော်ခန်းမကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအဝင် စစ်ဘေးရှောင် ၁၄ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ အရပ်သားနေထိုင်ရာ မြို့ရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ ဒီနှစ် သြဂုတ်လကနေ ဒီနေ့အထိ အရပ်သားထိခိုက်သေဆုံးသူ ၂၄၈ ဦးရှိခဲ့ပြီး အဲဒီအထဲက ၅၅ ဦးဟာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရင်း သေဆုံးခဲ့ရတာကို မော်ကွန်းက သီးခြားပြုစုခဲ့တဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲမှုတွေအပြင် လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲမှာကို ထိတ်လန့် နေကြရတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ ၁၃ မှာ ပြန်လည်စတင်တဲ့ တစ်ကျော့ပြန် ရခိုင်စစ်ပွဲ တစ်နှစ်ပြည့်လာချိန်မှာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်တဲ့ ဒေသတွေအတွင်း စစ်ဘေးရှောင် ခြောက်သိန်းနီးပါးအထိ ခိုလှုံနေကြရသလို စစ်ကောင်စီဟာလည်း ပြည်နယ်အတွင်းက အမ်း၊ ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူ နဲ့ စစ်တွေ စတဲ့ မြို့ တွေပေါ်မှာသာ ခိုလှုံနေထိုင်ရတဲ့အဆင့်ကို ရောက်နေပြီး ဒေသတစ်ခုလုံးနီးပါးကို AA က လွှမ်းမိုးသိမ်းပိုက်ခဲ့ပြီ ဖြစ်ပါတယ်။

ပုံစာ- ဒီလ ၉ ရက်က စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲခံလိုက်ရတဲ့ ဘူးသီးတောင်မြို့က ဘုန်းကြီးကျောင်း။

ဓါတ်ပုံ- ABN

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."