အမ်း- ၂၀၂၄ နိုဝင်ဘာ ၈ (မော်ကွန်း)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်၊ ရခိုင်ပြည်နယ်က အမ်းမြို့ကို အာရက္ခတပ်တော်(AA) တိုက်ခိုက်လာချိန်မှာ စစ်ရှောင်ခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် စစ်ကောင်စီက သူတို့နဲ့အတူ ပိတ်လှောင်ထားတဲ့ မြို့ခံတွေဟာ ဆန်ပြတ်လပ်လာတဲ့ အတွက် အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ အမ်းမြို့ခံတချို့က ပြောပါတယ်။
” ဆန်က စျေးတက်သွားတဲ့အပြင် ရှာလို့ပါ မရတော့ဘူး။ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေကိုပဲ ထုတ်ရောင်းခွင့် ပေးထားတယ်။ အဲဒီမှာလည်း သာမန်အရပ်သားတွေဆို မရောင်းပေးဘူး။ စစ်တပ်ကို ထောက်ခံတဲ့သူ အချင်းချင်းသာ ဝယ်လို့ရတာ။ ကျန်တဲ့ သူတွေကတော့ ရှိတဲ့ဆန်လေးနဲ့ မိသားစုတွေ လောက်ငအောင် ဆန်ပြုတ်ကျိုသောက်တဲ့သူသောက်၊ အငတ်နေတဲ့သူနေပေါ့။ တခြား ဆီ၊ ဆား၊ ကြက်သွန်တွေကတော့ စျေးမတက်ဘူး။ ဆန်မရှိရင် အဲဒီစားကုန်တွေက အသုံးမှ မဝင်တာ။ ဒါ့ကြောင့် စျေးမတက်ဘဲ ကျန်ခဲ့တာ” လို့ အမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။
အမ်းမှာ အရင်က ကျပ်တစ်သိန်းနှစ်သောင်းခန့်ပေါက်တဲ့ ဆန်ကြမ်းတစ်အိတ်ဟာ အခုအခါမှာ ကျပ်သုံးသိန်းခွဲကျော်အထိ ဈေးပေါက်သလို ဝယ်လို့လည်း မရဘူးလို့ မြို့ခံတချို့က ပြောပါတယ်။
AA ရဲ့ ထိုးစစ် မြို့အနားကပ်လာချိန် စစ်ကောင်စီဟာ မြို့အနီးက ပဲပဒုံ၊ ကျောက်စကွဲ စတဲ့ ကျေးရွာတွေက ဒေသခံတွေကိုလည်း မြို့တွင်းကို မောင်းသွင်းကာ သူတို့နဲ့အတူ ပိတ်ထားလိုက်တာလို့ မြို့ခံတချို့က ပြောပြပါတယ်။
လက်ရှိ အမ်းမြို့တွင်းမှာ စစ်ကောင်စီထွက်ခွင့်မပေးတာကြောင့် အရပ်သား ငါးထောင်ကျော် ပိတ်မိနေပြီး အငတ်ဘေးဆိုက်မယ့် အရေးကို စတင်ကြုံနေကြရတာလို့ ပြောကြပါတယ်။
” တိုက်ပွဲတွေက ဘယ်လောက်ထိ သွားမယ်မှန်းလည်း မသိဘူး။ စားစရာတွေလည်း ပြတ်လာပြီ။ လက်ထဲမှာ ပိုက်ဆံရှိရင်လည်း ဝယ်စားလို့မရဘူး။ ဒီအတိုင်းဆို မြို့ကို သိမ်းလို့မရခင် မြို့ထဲမှာပိတ်မိနေတဲ့သူတွေ ငတ်လို့သေမှာ။ ရှိတာလေးကို ရောင်းပြီး ဝယ်စားလို့ရရင်တောင် တိုက်ပွဲကြားထဲ တောင့်ခံပြီးနေနိုင်ဦးမယ်။ အခုလိုအခြေအနေမျိုးနဲ့တော့ ဘယ်လိုမှ အားမတင်းနိုင်တော့ဘူး ” လို့ အမ်းမြို့ခံ အမျိုးသမီးတစ်ဦးလည်းက ပြောပါတယ်။
AA ထိုးစစ်ကို ခုခံရာမှာ စစ်ကောင်စီဟာ မြို့ခံလူထုနဲ့အတူ ရောနှောနေရာယူထားတဲ့အတွက် AA အနေနဲ့ တိုက်ရခက်နေပြီး တိုက်ပွဲဟာ ကြန့်ကြာနေပုံရတယ်လို့လည်း အမ်းဒေသခံတချို့က ပြောပါတယ်။
” မြို့ထဲမှာ ပြည်သူတွေအများကြီး ရှိနေသေးတော့ AA ကလည်း တခြားမြို့တွေတုန်းကလို လွတ်လွတ်လပ်လပ် တိုက်လို့ မရဘူး ဖြစ်နေတယ်။ စစ်ကောင်စီကလည်း အဲဒီအကွက်ကိုမြင်လို့ ပြည်သူတွေကို ထွက်ခွင့်မပေးဘဲ မြို့ထဲမှာ တမင်ပိတ်လှောင်ပြီး ကာဗာယူလိုက်တာ။ ဒါ့ကြောင့် တိုက်ပွဲ အခြေအနေတွေက ကြန့်ကြာနေတာလို့ မြင်မိတယ်။ တိုက်ပွဲ ကြန့်ကြာ လာတာနဲ့အမျှ ပြည်သူတွေကလည်း စားနပ်ရိက္ခာတွေ ပြတ်လာပြီး အငတ်ဘေးဆိုက်တော့တာပဲ” လို့ အမ်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
AA ရဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ပေါက်တောမြို့သိမ်းတိုက်ပွဲတုန်းကလည်း စစ်ကောင်စီဟာ မြို့ခံတွေကို ပိတ်လှောင်ထားပြီး ခုခံခဲ့တဲ့အတွက် စစ်ပွဲအတွင်း အရပ်သား ၄၀ ကျော် သေခဲ့ရဖူးပါတယ်။
အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ ခမရ (၃၇၁)နဲ့ တပ်ထိန်းတပ် စတဲ့ သုံးနေရာမှာသာ လက်ရှိစစ်ကောင်စီတပ်တွေ ကျန်တော့ပြီး အဲဒီအထဲက ခမရ (၃၇၁) နဲ့ တပ်ထိန်းတပ်တို့ကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၆ ရက် ညနေပိုင်းကစလို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း တိုက်ပွဲနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်၊ အမ်းမြို့က ဆိုင်းဘုတ်။
ဓါတ်ပုံ- အမ်းမြို့နယ်သားများဂရုပ်။

