ကနီ- ၂၀၂၄ နိုဝင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၊ ကြားကာလပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု နိုဝင်ဘာ ၄ ရက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီမိသားစုလုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ဒေသတွင်းစုံစမ်းရေးတွေလုပ်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မယ်လို့လည်း NUG ပညာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
ဇနီးဖြစ်သူရော လသားအရွယ်ကလေးငယ်ပါ သတ်ဖြတ်ခံရတဲ့ ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဒေသခံတချို့က ခန့်မှန်းကြပြီး မနေ့က နေ့လယ်ပိုင်းမှာမှ အိမ်နီးချင်းတွေက အလောင်းတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။
” ဆရာတို့ မိသားစု လုပ်ကြံခံရတာကို အိမ်နီးချင်းတွေက စသိတာ။ ညက အသတ်ခံရတာကို (နောက်နေ့) နေ့ခင်း တစ်နာရီမှ သိရတယ်။ ကုတင်ပေါ်မှာ အလောင်းတွေ တွေ့ရတော့တာပါပဲ။ ဆရာက အနေထားမပျက် ဓားနဲ့ အထိုးခံထားရတယ်။ သူ့ အမျိုးသမီးကတော့ ကုတင်ပေါ်ကနေ ဇောက်ထိုးအနေအထားနဲ့ ဓားဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ကလေးကိုတော့ လည်ပင်းဓားနဲ့လှီးသွားတာလို့ အဲဒီက ဒေသခံ CDM ပညာရေးဝန်ထမ်းတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ကနီနယ်ရဲ့ ပညာရေးတာဝန်ခံဖြစ်သူ ဦးဝင်းဌေးဟာ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပုန်းကျေးရွာမှာ အိမ်ငှားပြီး မိသားစုဝင်တွေနဲ့အတူနေထိုင်ကာ ကြားကာလပညာရေးဆိုင်ရာကိစ္စတွေကို တော်လှန်ရေးကာလအတွင်း အဲဒီဒေသမှာ ဆောင်ရွက်နေစဉ် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့နဲ့အတူလုပ်ကြံသတ်ဖြတ်ခံရတဲ့ လေးလသားအရွယ် သမီးလေးဟာ ပြီးခဲ့တဲ့လ ၂၀ ရက်ကမှ ရက် ၁၀၀ ပြည့် မွေးနေ့ပွဲ ကျင်းပထားတဲ့သူ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
သူတို့ မိသားစုရုပ်အလောင်းတွေကို မနေ့က ညနေပိုင်းမှာ ဆေးစစ်ချက်ယူဖို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ဝင်တွေက လာရောက်သယ်ဆောင်သွားပြီး အမှုမှန်ပေါ်ပေါက် အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဦးဝင်းဌေးတို့နေထိုင်ရာ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းက တပုန်းကျေးရွာဟာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီး အဲဒီဒေသကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာကြာပြီလို့ ဒေသခံတချို့က ပြောပါတယ်။
ပုံစာ- သမီးလေး ရက် ၁၀၀ ပြည့် မွေးနေ့ပွဲမှာတွေ့ရတဲ့ ဦးဝင်းဌေးမိသားစု။
ဓါတ်ပုံ- ရဲဘော်အညာသား

