ရန်ကုန် – ၂၀၂၄ ဇွန် ၁၁ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ် လူနေအိမ်တစ်လုံးအပေါ် လက်နက်ကြီးထိမှန်ကာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာရှိပြီး မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီး ကားလမ်းပေါ်မှာရှိတဲ့ ဘွမ်တောင် (Bum Tawng) စစ်ကောင်စီတပ်စခန်း၊ အဲဒီလမ်းပေါ်က ၁၃ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်နဲ့ ဝါရှောင်ကျေးရွာအနီးက စစ်ဆေးရေးဂိတ်တွေကို ဒီနေ့မနက်ပိုင်းက KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ဒီနေ့လယ်ပိုင်းမှာတော့ ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်က နေအိမ်တစ်အိမ်ကို လက်နက်ကြီးထိမှန်ခဲ့ပြီး နေအိမ်မှာရှိနေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးထိတယ်လို့ ဆက်သွယ်လာတော့ ခေါ်ဖို့သွားတော့ ရရှိဒဏ်ရာနဲ့ နေအိမ်မှာပဲ သေဆုံးသွားပါတယ်။ ဝိုင်းမော်ဆေးရုံ ရင်ခွဲရုံကို ပို့ပေးခဲ့တယ်” လို့ ၎င်းက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ မေလပိုင်းထဲက တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး မြို့ပေါ်တွေနဲ့ အနီးတဝိုက်ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေဟာ မြစ်ကြီးနားမြို့မှာ အိမ်ငှားရမ်းတာ၊ နီးစပ်တဲ့ ဆွေမျိုးတွေရှိရာမှာ နေထိုင်ပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ၎င်းကပြောပါတယ်၊ “တိုက်ပွဲက အခုရက်မှပြန်ဖြစ်တာပေါ့။ တိုက်ပွဲမဖြစ်ခင် လေးရက်လောက်တည်းက ရှောင်ခိုင်းထားတာ ဆဒုံး၊ ဝိုင်းမော်တို့မှာ ဒေသခံတော်တော်များများ မရှိတော့ဘူး။ အိမ်စောင့်လောက်ပဲရှိတော့တာ” လို့ ၎င်း ဒေသခံက ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဆဒုံး- ကန်ပိုက်တီး ကားလမ်းတစ်လျှောက်က စစ်ကောင်စီစခန်းငယ်တွေ၊ စစ်ဆေးရေးဂိတ်တွေအပြင် ဆဒုံးဗျူဟာကုန်းကိုလည်း ဆက်လက်တိုက်ခိုက်နေပြီး ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား – ဗန်းမော် လမ်းပိုင်းမှာရှိတဲ့ ဝိုင်းမော်၊ မြို့သစ်၊ ဒေါ့ဖုန်းယန်၊ မိုးမောက် အစရှိတဲ့ မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီလမ်းပိုင်းကိုလည်း အခုထိ ပိတ်ထားရပါတယ်။
ဒါ့ပြင် အဲဒီထိုးစစ်ကာလအတွင်းမှာ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီတပ်ရဲ့ အချက်အချာကျတဲ့ တပ်စခန်းအများအပြားကိုလည်း KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်နိုင်ပြီး KIA ဌာနချုပ်ရှိရာ လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ တပ်စခန်းတွေကို ရှင်းလင်းလိုက်နိုင်တာပါ။
ပုံစာ – လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးကို ဆေးရုံရင်ခွဲရုံကိုပို့ဆောင်စဉ်
ဓာတ်ပုံ – မွန်မြတ်စေတနာ ပရဟိတအသင်း

