လမ်းကြောင်းတွေပိတ်နေလို့ စပါးဈေးကျပြီး ရခိုင်လယ်သမားတွေအခက်ကြုံ

လမ်းကြောင်းတွေပိတ်နေလို့ စပါးဈေးကျပြီး ရခိုင်လယ်သမားတွေအခက်ကြုံ

မင်းပြား – ၂၀၂၄ နိုဝင်ဘာ ၇ ( မော်ကွန်း)

အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် အလုံးစုံ ပိတ်ဆို့ ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ စပါးဈေးထိုးကျ နေတဲ့အတွက် လယ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ လယ်သမားတချို့ ပြောပါတယ်။

တိုက်ပွဲတွေ မဖြစ်ခင်က စပါးတင်း ၁၀၀ ကို ကျပ်ခြောက်သိန်းခွဲကနေ ရှစ်သိန်းအထိ ဈေးရှိခဲ့တဲ့ ရခိုင်မှာ ဒီနှစ်စပါးဝယ်ယူမယ့် ကုန်သည်တွေ မရှိတာကြောင့် ကျပ် ငါးသိန်းအထိ ဈေးကျနေတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

အဲဒီမြို့နယ်ဟာ တကျော့ပြန်စစ်ပွဲတွေအတွင်း AA တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။

” အရင်နှစ်တွေကဆို ကုန်သည်တွေက နယ်ဘက်တွေကို ဆင်းပြီး လိုက်ဝယ်တော့ စျေးကောင်းရတယ်။ ဒီနှစ်တွေက ဝယ်မဲ့သူတွေ မရှိဘူး။ တိုက်ပွဲကြောင့် စပါးတင်ပို့မယ့် လမ်းကြောင်းတွေ ပိတ်ထားတော့ ကုန်သည်တွေကလည်း မဝယ်ကြတော့ဘူး။ ဒါ့ကြောင့် လယ်သမားတွေက ဝယ်မဲ့သူတွေကို လိုက်ပြီး ရှာနေရတယ်။ ဝယ်မယ့်သူ တွေ့ပြန်တော့လည်း စျေးကောင်းမရဘူး။ ငါးသိန်းက ဂိတ်ဆုံးစျေးပဲ။ ဒါတောင် ကိုယ်ငွေလိုတဲ့အချိန် ရောင်းလိုမရဘူး ” လို့ မင်းပြား မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ကထွက်တဲ့ စပါးတွေကို ပုံမှန်အားဖြင့် ပြည်မဘက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွေကို တင်ပို့လေ့ရှိပြီး တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ပြည်မဘက်ကို ကုန်တင်ပို့ခွင့်ပိတ်ပင်ထားသလို မောင်တောမြို့နယ်တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်တဲ့လမ်းကြောင်း ပိတ်ဆို့နေတာ ဖြစ်ပါတယ်။

ဒါကြောင့် လယ်သမားအများစုဆီမှာ သိုလှောင်စပါးတွေ ကျန်နေသလို ဒီနှစ် စပါးသစ် ပေါ်ချိန်ရောက်လာပါက စပါးစျေးတွေ ထပ်ကျလာမှာကိုလည်း သူတို့က စိုးရိမ်နေကြပါတယ်။

” အရှုးပေါ်တာကတော့ မနှစ်ကတည်းကပါပဲ။ လယ်မှာသွင်းလိုက်တဲ့ အလုပ်သမားခနဲ့ လယ်မှာသုံးတဲ့ စက်သုံးဆီစရိတ်တွေကို ရွှေတွေပေါင်ပြီး ရှင်းလိုက်ရတယ်။ မနှစ်ကစပါးတွေက အခုထိ ရောင်းမထွက်သေးဘူး။ အခု စပါးအသစ် ပေါ်ချိန် ရောက်တော့မယ်။ စပါးဟောင်းတွေဆို လူတွေက မကြိုက်ဘူး။ စပါးဝယ်မယ့် သူရှိလာရင်တောင် အသစ်ကိုပဲ ဝယ်ကြမှာဆိုတော့ လယ်သမားတွေဘဝက နစ်ပီးရင်း နစ်ပဲ” လို့ အထက်ပါ မင်းပြားမြို့နယ်က လယ်သမားက ဆက်ပြောပါတယ်။

ဒါ့အပြင် မြေသြဇာစျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပြီး အရင်နှစ်တွေက ကျပ်ခြောက်သောင်းခွဲသာရှိတဲ့ ကောမက်မြေသြဇာ တစ်အိတ်ကို ဒီနှစ်မှာ ကျပ်လေးသိန်းနီးပါးထိ စျေးထိုးတက်နေပါတယ်လို့ လယ်သမားတချို့က ဆိုပါတယ်။

ဈေးခုန်တက်နေတဲ့အတွက် လယ်သမားတွေဟာ မြေသြဇာသုံးစွဲနိုင်မှု မရှိတော့သလို နောက်ဆက်တွဲအဖြစ် စပါးထွက်နှုန်း ထိုးကျလာနိုင်တယ်လို့ လယ်သမားတချို့က ခန့်မှန်းပါတယ်။

” မြေဆီကြဲရမယ့် အချိန်ရောက်တော့မယ်။ စပါးစျေးကလည်းမကောင်း၊ ဝယ်မယ့်သူလည်းမရှိတော့ လက်ထဲမှာ မြေဆီ ဝယ်မယ့် ပိုက်ဆံမရှိဘူး။ မြေသြဇာသုံးနေကျ လယ်တွေက မြေသြဇာမသုံးဘဲထားလိုက်ရင် အထွက်နှုန်းက သိသိသာသာကြီး ကျသွားမှာ။ စပါးအဖျင်းတွေလည်း များမယ်။ စပါးစျေးမကောင်းတဲ့အပြင် အထွက်နှုန်းပါ ကျဆင်းသွားရင် လယ်သမားတွေ ဘဝပျက်ပြီ။ ဒီပုံစံနဲ့ဆို နောက်နှစ်တွေ လယ်လုပ်မယ့်သူ ကျန်မှာမဟုတ်ဘူး။ အခုကိုယ့်ပြည်တွင်းထဲက စပါးထွက်နေလို့ ပေါပေါလျှံလျှံ စားနေရတာ။ စပါးစိုက်မယ့်သူတွေ နည်းလာရင် ဆန်တွေကိုပါ တခြားနေရာတွေက စျေးကြီးပေးပြီး ဝယ်စားရတဲ့ ခေတ်ကို ရောက်ကုန်လိမ့်မယ်” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြိုနယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်နယ်ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ AA အနေနဲ့ ရခိုင်ဒေသက စပါးတွေကို လယ်သမားတွေဆီကနေ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပေမယ့် ဘယ်စျေးနှုန်းနဲ့ သတ်မှတ်ပြီး ဝယ်ယူမယ်ဆိုတာကို မသိရသေးဘူးလို့ ရခိုင်စပါးကုန်သည်တစ်ဦးက ပြောပါတယ်။

” စျေးနှုန်းတစ်ခု သတ်မှတ်ပြီး လယ်သမားတစ်ဦးဆီက စပါးတင်း ၅၀၀ ပဲ ဝယ်မယ်ဆိုပြီး သတ်မှတ်ထားတယ်လို့တော့ သိရတယ်။ ဘယ်စျေးနဲ့ဝယ်မလဲဆိုတာတော့ အတိအကျမသိရသေးဘူး။ ကျွန်တော်တို့လည်း စီးပွားရေးတွေ ရပ်ထားရတာ ကြာပြီ။ ငါးသိန်းနဲ့ရလို့ လိုက်ဝယ်ချင်ပေမယ့် ပို့မယ့်လမ်းကြောင်းမရှိဘူး ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် စပါးတွေ ကျန်နေမယ့် အတူတူ AA က လယ်သမားတွေ မနစ်နာစေနိုင်တဲ့ စျေးတစ်ခုသတ်မှတ်ပြီး ဝယ်နိုင်ရင်တော့ လယ်သမားတွေရဲ့ ဒုက္ခတွေ သက်သာသွားမှာပေါ့” လို့ အထက်ပါ စပါးကုန်သည်က ပြောပါတယ်။

ရခိုင်ပြည်နယ်က စပါးတွေကို အဓိကတင်ပို့နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြိုနယ်မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်း နခခ(၅) ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန် နေဆဲဖြစ်ပြီး မောင်တောမြို့နယ်ကို အလုံးစုံသိမ်းပိုက်ရရှိပါက AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို စပါးတင်ပို့ ရောင်းချနိုင်အောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်နေကြတယ်လို့ လယ်သမားနဲ့ ကုန်သည်တချို့က ပြောပါတယ်။

ပုံစာ- ဒီနှစ်ရိတ်သိမ်းရာသီမှာ စပါးရိတ်နေကြတဲ့ ဧရာဝတီတိုင်းထဲက လယ်သမားတချို့။
ဓါတ်ပုံ- မော်ကွန်း
🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."