ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၅ (မော်ကွန်း)
ဗဟန်းမြို့နယ်ပြောက်ကျားတပ်ဖွဲ့ (Bahan’s Guerrilla Force B-PDF) က မြို့ပေါ် နဲ့ တောတွင်းစစ်ဆင်ရေးတွေအတွက် တော်လှန်ရေးရဲဘော်အသစ်တွေ ခေါ်ယူနေပါတယ်။
“ကျွန်တော်တို့ မြို့ပေါ်နဲ့ တောတွင်းတိုက်ပွဲတွေ ပိုပြီးဖော်ဆောင်ဖို့ ကဏ္ဍစုံပိုလုပ်နိုင်ဖို့က ရဲဘော်အသစ်တွေအများကြီးလိုနေပါတယ်။ ကျွန်တော်တို့ တတ်ထားတာတွေနဲ့ အတွေ့အကြုံတွေကိုလည်း လက်ဆင့်ကမ်းချင်ပါတယ်။ ဗဟန်းမြို့နယ်သာမကဘယ်နယ်မြေဖြစ်ဖြစ် ဘယ်လူမျိုး၊ ဘာသာဖြစ်ဖြစ် ရဲဘော်တွေကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ မူဝါဒတွေကို လက်ခံနိုင်ရင် အကုန် welcome ပါ။ “ လို့ B-PDF တာဝန်ခံကပြောပါတယ်။
မတ်လတုန်းကလည်း ရဲဘော်အသစ်တွေ ခေါ်ယူခဲ့စဉ်က လာရောက်ဆက်သွယ်သူတွေရှိခဲ့ပေမယ့် မျှော်မှန်းသလောက်မရသေးဘူးလို့ သူကပြောပါတယ်။ လက်ရှိမှာ B-PDF က တပ်ရင်းတစ်ခုစာအင်အားရှ်ိတဲ့ ရဲဘော်အသစ်တွေ ရဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို လက်နက်ကိုင်ပြီး တော်လှန်ချင်စိတ်ရှိသူတွေ အနေနဲ့ B-PDF ရဲ့ ဖေ့စ်ဘွတ်မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်သလို တယ်လီဂရမ် – https://t.me/BPDF_Office ကနေလည်းဆက်သွယ်နိုင်တယ်လို့ B-PDFကဖော်ပြထားပါတယ်။
လျှောက်ထားသူတွေရဲ့ အချက်အလက်တွေကိုသိမ်းဆည်းထားပြီး ချက်ချင်းလက်မခံသေးဘဲအချိန်ယူကာစောင့်ကြည့်သွားမယ်လို့လည်းဆိုပါတယ်။
“အကြမ်းဖက်တပ် သူလျှိုတွေပါမလာအောင် အထူးသတိထားပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ သူရော ကိုယ်ရော စိတ်ကျေနပ်အောင် လိုအပ်တာတွေကို သေချာစစ်ဆေးမေးမြန်းပါသေးတယ်။ ပြီးရင် ထပ်ပြီးအဆင့်ဆင့်စစ်ဆေးပါသေးတယ်။ လုပ်တာကြာလာတော့ အတွေ့အကြုံတွေလည်း ရှိနေကြပြီဆိုတော့ မသင်္ကာသူတွေဆို ရှေ့အဆင့်တွေမှာတင် ပေါ်တယ်။ အသေးစိတ်ကတော့ မပြောလိုဘူး။ အကျင့်စာရိတ္တ၊ လက်နက်ကိုင်တော်လှန်ရေးစိတ်ဓာတ်တွေကတော့ အထူးလိုအပ်တာပေါ့။ ကောက်ရိုးမီးတွေလည်း တူတူပါပဲ။ စစ်တဲ့ အကဲဖြတ်တဲ့ ရှေ့အဆင့်တွေမှာတင် ပျောက်သွားကြပါတယ်။” လို့ B-PDF တာဝန်ခံကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း B-PDF ဟာ ဗဟန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်ပါးစေတပ်သားတွေအခြေချထားတဲ့နေရာတွေနဲ့ စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့ဒလန်တွေ၊ အဆောက်အဦတွေက်ို တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
Bahan Guerrilla Force ဟာလတ်တလော လွတ်မြောက်နယ်မြေတစ်ခုမှာ တပ်စခန်းတစ်ခုတည်ထောင်ထားပြီးဖြစ်သလို ရန်ကုန်မြို့အတွင်းမှာလည်း ဆက်လက်ပြီးမစ်ရှင်တွေပြုလုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
ပုံစာ- တောတွင်းတစ်နေရာတွင်မြင်တွေ့ရသည့် B-PDF နဲ့ Black Wolf Column တပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ- Bahan’s Guerrilla Force (B-PDF)
#Dailynews

