ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၂၃ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒါနာ(DANA) အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရိတ်သိမ်းကာနီးလယ်ယာတချို့ ရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ ဧရာဝတီနဲ့ ရန်ကုန်တိုင်းက လယ်သမားတစ်ချို့ကပြောပါတယ်။
“ ရိတ်နေတဲ့လူတွေလည်း မိုးကြောင့် ရပ်ထားရတယ်။ ရိတ်ကာနီးစပါးခင်းတွေလည်း ရေမြုပ်ပြီး အနှံတွေ ရေစိုကုန်တာပေါ့။ ဒီနှစ်ကတော့ အဘက်ဘက်ကခံရတဲ့နှစ်ပဲ” လို့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
အဲဒီမြို့နယ်ဟာ ပြီးခဲ့တဲ့ရေဘေးကာလအတွင်း ဧရာဝတီတိုင်းအတွင်းမှာ လယ်တွေရေမြုပ်ပျက်စီးမှု ဆိုးဆိုးရွားရွားကြုံ ထားရတဲ့ မြို့နယ်တွေထဲ ပါဝင်ပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ဘက်က လယ်သမားတချို့ကတော့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် စပါးပင်တွေလဲပြီး ရေမြုပ်ကုန်တဲ့အတွက် အထွက်နှုန်း ထိခိုက်မယ့် အခြေအနေ ကြုံရတယ်လို့ ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဒါနာဟာ(DANA) ဟာ မြန်မာနိုင်ငံကိုဝင်ဖို့မရှိတာကြောင့် မိုးဇလက အဝါရောင်အဆင့်သတ်မှတ်ထားပေမယ့် ဒီမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၁ ခုလောက်မှာ မိုးများပြီးရေကြီးတာတွေဖြစ်နိုင်တယ်လို့ သတိပေးထား ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရွာသွန်းခဲ့တဲ့မိုးကြောင့် ရန်ကုန်နဲ့ ဧရာဝတီကမြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတချို့ကလည်း ဆိုပါတယ်။
“ လယ်ထဲကို မရောက်ဖြစ်သေးဘူး။ မိုးက ရပ်မှမရပ်တာ၊ ရွာနေတာလေ။ ရွာနားကလယ်တွေတောင် လဲပြီးမြုပ်ကုန်ပြီဆိုတော့ ကျွန်မတို့ လယ်တွေလည်း မြုပ်နေလောက်ပြီပေါ့။ ဘာတွေဖြစ်လာဦးမလဲမသိဘူး” လို့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက်လောက်မှာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်မယ်လို့ မိုးဇလကခန့်မှန်းထားတဲ့ ဒါနာ မုန်တိုင်းအရှိန်ကြောင့် အဲဒီကာလတွေအတွင်း ရခိုင်၊ ချင်း၊ မကွေးလို ဒေသတွေမှာ မုန်တိုင်းမိုးတွေ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာအထိ မိုးရာသီအတွင်း ရေလွှမ်းမိုးမှုတွေကြောင့် မြေဧက ၁၀ သန်းကျော် ရေလွှမ်းခံခဲ့ရပြီး အဲဒီအထဲက ရှစ်သန်းကျော်ဟာ စိုက်ပျိုးမြေတွေဖြစ်တယ်လို့ မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) က ထုတ်ပြန်ပါတယ်။ ဒါအပြင် လူဦးရေ ငါးဒသမခြောက်သန်းကျော်လည်း ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ- ဟင်္သာတမြို့နယ်အတွင်းက ရွာတစ်ရွာမှာ စက်တင်ဘာလအတွင်း စပါးရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တစ်ခု
ဓါတ်ပုံ- မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

