ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၇ (မော်ကွန်း)
အခုရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ဂွမြို့ကို အာရက္ခတပ်တော် (AA) ထိုးစစ်ဟာ ရောက်လာပြီးနောက် ဂွမြို့ကဒေသခံတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ကျေးရွာတွေက ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရပါတယ်။
သံတွဲ-ဂွ ကားလမ်းပေါ်က ရတနာမြိုင်ရွာ (ဒေသအခေါ် ကုလားပြင်ရွာ) မှာ အခုလဆန်းပိုင်းကစပြီး AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားလာတာဖြစ်ပြီး ဒေသခံတွေ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်သွားကြပြီလို့ ဒီဒေသခံတွေက ပြောပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ကျိန္တလီမြို့တွေထိ AA တပ်တွေက ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်ကလည်း ကျိန္တလီမြို့ကနေ ဂွမြို့ကိုမရောက်ခင် လမ်းတစ်လျှောက်မှာ ခံစစ်ပြင်ထားတာဖြစ်ပြီး ဒီလမ်းပိုင်းတစ်လျှောက်မှာ အခုလဆန်းပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်လာတယ်လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမှာ ကျိန်းသေတိုက်ပွဲဖြစ်လာမှာလို့ သိထားတော့ အရင်ထဲကရှောင်တဲ့သူတွေလည်း ရှောင်ပြီးကြပြီ။ အခုထပ်ပြီးတော့ မရှောင်ရသေးတဲ့သူတွေက ထပ်ရှောင်တာပေါ့။ ရန်ကုန်ဘက်ကို ဆင်းလာကြတာများတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်းထဲမှာ ဂွမြို့နယ်ထဲက ကမ်းခြေရွာတွေဖြစ်တဲ့ ကိုင်းခုံ၊ ကံ့ကော်တောင်၊ ရတနာမြိုင်၊ ဒယ်ပုတ်နဲ့ ကြွေချိုင် ကျေးရွာတွေမှာ နေ့စဉ်လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီဘက်က မိသားစုတွေ အဆက်အသွယ်မရတဲ့သူ မရဖြစ်နေတယ်။ လက်နက်ကြီးတွေလည်း အိမ်တွေပေါ် အကုန်လုံးကျတော့ အခြေအနေမကောင်းဘူး” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် မြေပြင်မှာ ဆန်၊ ဆီ အစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်း ဝယ်ယူရခက်ခဲပြီး ပြတ်လပ်နေတာကြောင့် ဒေသခံတွေဟာ ခက်ခက်ခဲခဲရင်ဆိုင်နေရတယ်လို့ ဒီအခြေအနေကို သိရှိတဲ့ ဂွဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ရတနာမြိုင်(ကုလားပြင်) ရွာကနေ ရန်ကုန်ကို စစ်ဘေးရှောင်ဖို့အတွက် နေ့စဉ် ကားလေးတွေနဲ့ ပြေးဆွဲပေးနေပြီး ရန်ကုန်ထိကို တစ်ယောက်ကို ကျပ်တစ်သိန်းခွဲထိ ပေးရတယ်လို့ ဂွဒေသခံတွေဆီက သိရပါတယ်။
“လမ်းမှာစစ်တယ်။ သံတွဲမှတ်ပုံတင်၊ ဂွမှတ်ပုံတင်ရှိတဲ့သူပဲရတယ်။ မတတ်နိုင်တဲ့သူတွေတော့ ကိုယ့်ဘာသာ ဆိုင်ကယ်နဲ့ဆင်းတဲ့သူဆင်းတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ရခိုင်တောင်ပိုင်းက ကမ္ဘာကျော် ငပလီကမ်းခြေနဲ့ လေဆိပ်ရှိတဲ့ သံတွဲမြိုနယ်ကို အခုနှစ် ဇွန်လပိုင်းမှာ အာရက္ခတပ်တော် (AA) က သိမ်းလိုက်ပြီး AA ရဲ့ ထိုးစစ်ဟာ ဂွမြို့ထိ ဆက်ရောက်လာတာပါ။
လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ အမ်း၊ တောင်ကုတ်၊ မောင်တော၊ ဂွ စတဲ့မြို့နယ်တွေမှာ AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီလက်ကျန်စခန်းတွေကို တစ်ခုမကျန်သိမ်းဖို့ ထိုးစစ်တွေအရှိန်မြှင့်သွားမယ်လို့ AA သတင်းနဲ့ပြန်ကြားရေးက ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။
ပုံစာ – ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များ
ဓာတ်ပုံ – LPA
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews


