ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂ (မော်ကွန်း)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုရက်ပိုင်းအတွင်းမှာပဲ ကချင်အထူးဒေသ (၁) မှာရှိတဲ့ ချီဖွေနဲ့ ဆော့လော်မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။
ဒီဒေသတွေဟာ ဒေသတွင်းပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ NDA-K တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကစကာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တာပါ။
ချီဖွေမြို့ကို ပြီးခဲ့တဲ့လ ၂၉ ရက်မှာ KIA ပူးပေါင်းတပ်တွေ သိမ်းလိုက်တာဖြစ်ပြီး ဒီနေ့မှာတော့ ဆော့လော်မြို့က စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်တာကြောင့် ဒီနှစ်မြို့လုံးဟာ KIA ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာတာပါ။
ဆော့လော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းကုန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို အခုမနက်အစောပိုင်းမှာ KIA ပူးပေါင်းတပ်တွေဟာ သိမ်းလိုက်တာလို့ KIA သတင်းနဲ့ ပြန်ကြားရေးက ဆိုပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့လ ၂၉ ရက်မှာ ဆော့လော်နဲ့ မိုင် ၄၀ ခန့်ကွာဝေးတဲ့ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ချီဖွေမြို့ကိုစိုးမိုးထားတဲ့ ချီဖွေဗျူဟာကုန်း၊ ချီဖွေရဲစခန်းနဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်ရရှိခဲ့ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ KIA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားတာပါ။
KIA အနေနဲ့ လက်ရှိမတိုင်ခင်ကလည်း ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ လွယ်ဂျယ်၊ မြို့လှ၊ မိုးမောက်၊ မံစီ စတဲ့မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီဟာ ကချင်ပြည်နယ်မှာ နောက်ထပ်မြို့နှစ်မြို့ကို ရက်ပိုင်းအတွင်း လက်လွှတ်လိုက်ရတာပါ။
ကချင်အထူးဒေသ (၁) မှာရှိတဲ့ ချီဖွေ၊ ပန်ဝါ မြို့နယ်တွေမှာ တရုတ်သတ္တုကုမ္ပဏီတွေဟာ ဒေသတွင်း ပြည်သူ့စစ်တွေနဲ့ ပူပေါင်းပြီး မြေရှားဓာတ်သတ္တုကို အလွန့်အကျွံတူးဖော်နေတဲ့ ဒေသတွေဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး KIA အနေနဲ့ ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီထိုးစစ်အတွင်း KIA ဌာနချုပ် လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ တပ်စခန်းတွေ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းက တပ်စခန်းတွေကို ရှင်းလင်းနိုင်ခဲ့တဲ့အပြင် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ ကန်ပိုက်တီး၊ လွယ်ဂျယ်တို့ကိုလည်း ထိန်းချုပ်နိုင်ထားနိုင်ခဲ့ပါတယ်။
ပုံစာ – KIA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – KIA
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


