ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁ (မော်ကွန်း)
ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပြီး ဒီရက်ပိုင်း တိုက်ခိုက်မှုတွေမှာ အရပ်သားနေအိမ်တွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
မနေ့က ညပိုင်းက လားရှိုးမြို့ ၁၂ ရပ်ကွက်အနီးကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးလေးလုံး ကြဲချခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အရပ်သားနေအိမ်အများအပြား ပျက်စီးခဲ့ကာ ဒေသခံကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာသူတွေထဲကသုံးဦးဟာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ညအပါအဝင် ပြီးခဲ့တဲ့လတစ်လအတွင်းမှာပဲ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၁ ကြိမ်ထိ လုပ်ဆောင်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။
စက်တင်ဘာ ၃၀ ရက် အစောပိုင်းကလည်း စစ်ကောင်စီဟာ လားရှိုးမြို့ကို ဗုံးသုံးလုံးကြဲချခဲ့ပြီး လားရှိုးမြို့ ရပ်ကွက် ၁၁ အနီးနဲ့ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးတို့မှာ ဗုံးကျရောက်ခဲ့ပြီး ဒေသခံတစ်ဦး အပြင်းအထန်ဒဏ်ရာရကာ လူနေအိမ်တွေ၊ အဆောက်အအုံတွေလည်း အများအပြား ပျက်စီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့လအစပိုင်းက တိုက်ခိုက်မှုတွေမှာတော့ စစ်ကောင်စီဟာ ဌာနဆိုင်ရာရုံးတွေနဲ့ MNDAA တပ်စခန်းချရာနေရာတွေကို တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် အခုနောက်ပိုင်းတိုက်ခိုက်မှုတွေမှာတော့ လားရှိုးမြို့မဈေးအပါအဝင် အရပ်သားတွေနေထိုင်တဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားလာတယ်လို့ လားရှိုးမြို့တွင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ညပိုင်းအချိန်တွေနဲ့ မနက်ဝေလီဝေလင်းအချိန်တွေမှာ လုပ်ဆောင်နေတာကြောင့် မြို့မှာနေထိုင်သူတွေဟာ ညပိုင်းဆိုရင် စိုးရိမ်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်ရက်တွေတုန်းကတော့ လားရှိုးရဲ့ ဌာနဆိုင်ရာရုံးတွေလောက်ပဲ ကြဲတာပေါ့။ အခုကနောက်ပိုင်းကြဲတာ လူနေရပ်ကွက်တွေကိုပဲ ဆက်တိုက်ကြဲလာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးထိုးစစ်မှာ သိမ်းယူခဲ့ပြီး ဒေသတွင်း အုပ်ချုပ်ရေးတွေ ဖော်ဆောင်နေကာ ဒေသခံတချို့ကလည်း မြို့ပေါ်မှာ ပြန်လည်နေထိုင်တာရှိနေတာပါ။
စစ်ကောင်စီကလည်း သူတို့လက်လွှတ်လိုက်ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို စက်တင်ဘာလပိုင်းကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာတာပါ။
ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်းမှာပဲ အရပ်သား အနည်းဆုံး သုံးဦးသေဆုံးခဲ့ကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ သတင်းထုတ်ပြန်ရေးဌာနဖြစ်တဲ့ The Kokang က မနေ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ – မနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံတွေ ပျက်စီးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – Freedom Youth Volunteers
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


