ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၇ (မော်ကွန်း)
ငွေကြေးဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး ဒီနေ့မှာဆိုရင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅,၀၀၀ အောက်မှာ ဆက်လက်ရှိနေတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည်သူတချို့က ပြောပါတယ်။
ရန်ကုန်မြို့က ဝယ်ရောင်းဈေးကွက်ထဲမှာဆိုရင် အမေရိကန်ဒေါ်လာအရွက်ဈေး တစ်ဒေါ်လာကို ၄,၉၀၀ ကနေ ၄,၈၀၀ ကျပ်ဝန်းကျင်ထိ ဒီနေ့မနက်ပိုင်းထဲက စတင်ရောက်ရှိနေပြီး Online ဝယ်ရောင်းဈေးကွက်ထဲမှာ ဆိုရင်တော့ တစ်ဒေါ်လာကို ၄,၇၅၀ ကျပ်အထိ ကျဆင်းလာပါတယ်။
အခု လဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၅,၃၀၀ ဝန်းကျင်မှာ ငြိမ်နေရာကနေ တဖြည်းဖြည်းနဲ့ ငွေဈေးကျဆင်းလာတာဖြစ်ပြီး အကျဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။
အမေရိကန်ဒေါ်လာဈေး ကျဆင်းလာတဲ့နည်းတူ ထိုင်းဘတ်နဲ့ တရုတ်ယွမ်ဈေးနှုန်းတွေလည်း အခုရက်ပိုင်းမှာ ကျဆင်းခဲ့ပြီး အခုလဆန်းပိုင်းမှာ တစ်ဘတ်ကို ၁၅၀ ကျပ်ကျော်မှာရှိရာက ဒီနေ့မှာတော့ တစ်ဘတ်ကို ၁၄၅ ကျပ် အောက်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အလားတူပဲ တရုတ်ယွမ်လဲလှယ်နှုန်းကလည်း တစ်ယွမ်ကို ၇၀၀ ကျပ် ဝန်းကျင်ခန့်ကနေ ဒီနေ့မှာ ၆၇၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
ပြည်တွင်းငွေကြေးဈေးကွက် ပုံမှန်ဖော်ပြနေတဲ့ Myanmar Market Price ကတော့ ဒီရက်ပိုင်းထဲမှာ ထူးခြားတဲ့အခြေအနေမဖြစ်ဘဲ ပုံမှန်အတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင်တော့ ငွေလဲလှယ်နှုန်းတွေဟာ အကျဘက်ကို အားသာနေတယ်လို့ သုံးသပ်ထားပါတယ်။
ဒီလို ဒေါ်လာဈေးတွေ ကျဆင်းလာပေမယ့် ပြည်ပကနေတင်သွင်းတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကတော့ လက်တလော ကျဆင်းသွားတာမရှိသေးဘူးလို့လည်း လူသုံးကုန်ပစ္စည်းတွေ လက်လီ၊ လက်ကား တင်သွင်းရောင်းချသူတချို့ကပြောပါတယ်။
ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ လက်လီလက်ကားရောင်းချသူတစ်ဦးကတော့ ဒေါ်လာဈေးတွေ ကျဆင်းနေပေမယ့် ဆေးတင်သွင်းတဲ့ကုမ္ပဏီတွေဘက်က ဆေးဝါးဈေးနှုန်းတွေဟာ လက်တလောမှာ ဈေးချပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။
“ဈေးကိုတော့ မချပေးသေးဘူး။ ကျတဲ့ဈေးကိုပဲတွက်ပြီးတော့ လက်ဆောင်သဘောမျိုး တခြားပစ္စည်းတွေ ပေးတာမျိုးပဲရှိတယ်။ သူတို့ဘက်ကတော့ အခုနောက်ပိုင်းထပ်မှာထားတဲ့ဟာတွေက ဘယ်လောက်ဈေးနဲ့ ဖြတ်မလဲမသိသေးတော့ မချပေးသေးဘူး။ ဈေးအရမ်းဟလာမှပဲ သူတို့က ချပေးမယ့်သဘောရှိတယ်” လို့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းရောင်းချသူက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတုန်းက အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့ကာ ပြည်တွင်းက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှုတွေရှိခဲ့ပြီး ဆီတန်းစီနေတဲ့ ကားတန်းတွေကို ရန်ကုန်မြို့မှာ မြင်တွေ့ခဲ့ရပါတယ်။
အဲဒီနောက်မှာ စစ်ကောင်စီဗဟိုဘဏ်ဟာ ငွေဈေးမြင့်တက်တာကို ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့လလယ်ပိုင်းမှာ စက်သုံးဆီလုပ်ငန်းရှင်တွေဆီ ဒေါ်လာသန်းရာနဲ့ချီပြီး ရောင်းချပေးခဲ့ပါသေးတယ်။
ပြည်တွင်းက စီးပွားရေးသမားတွေကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်နေဖို့ လိုလားနေပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှပဲ လုပ်ငန်းတွေအဆင်ပြေမယ်လို့ သုံးသပ်ကြပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကတော့ အမေရိကန်တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိခဲ့ရာက အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း လေးဆခန့် မြင့်တက်ခဲ့ပြီး အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်လာတာကို လူထုအနေနဲ့ ခံစားနေရတာပါ။
ဓာတ်ပုံ – မော်ကွန်း
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


