မင်းပြား – ၂၀၂၄ စက်တင်ဘာ ၁၉ ( မော်ကွန်း)
မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေးမြို့မြစ်ရေတက်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းအုပ်စုမှ မြေနိမ့်ပိုင်းကျေးရွာ ၁၃ ရွာ ရေနစ်မြှုပ်ကာ အိမ်ခြေ ၂၆၀ ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖုံသာချောင်းအုပ်စုရှိ ကျေးမ၊ ကိုင်းကြီး၊ နတ်ထောက်ရွာ၊ ပြင်းဝ၊ ဇိုင်းချောင်း၊ သရက်အုပ်၊ အထက်ခချီးမြောင်၊ အောက်ခချီးမြောင်၊ ခွဆုံနဲ့ စိတ္တရ စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၃ ရွာမှာ ယခုလ ၁၃ ရက်ကစပြီး ရေကြီးရေလျှံခဲ့တာ ဖြစ်ပါတယ်။
ရေလွှမ်းမိုးမှုနဲ့အတူ အဆိုပါကျေးရွာတွေက နေအိမ် ၂၆၀ မှာ ရေစီးနဲ့အတူ မျောပါပျက်စီးသွားပြီး ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပါတယ်။
” အိမ်က ဘာမှမရလိုက်ဘူး၊ ရေစီးနဲ့တစ်ခါတည်းမျောသွားတာ။ နည်းနည်းပါးပါးပျက်စီးသွားရင်တောင် ပြုပြင်ပြီးအဆင်ပြေသလိုနေလို့ရဦးမယ်။ အခုကွင်းပြင်ကြီးပဲ ကျန်ခဲ့တော့ ဘုန်းကြီးကျောင်းမှာပဲ ယာယီခိုလှုံနေရတယ်။ တစ်သက်လုံးရှာဖွေစုဆောင်းပြီး ဆောက်ထားတာ လျှပ်တပြက်အတွင်း ပျက်စီးသွားတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့နေအိမ်မျောပါသွားတဲ့ ကျေးမရွာသားတစ်ဦးက ပြောပါတယ်။
ရေကြီးမှုကြောင့် နေအိမ်ပျက်စီးသွားသူများမှာ ယာယီတဲအိမ်များဆောက်လုပ်ရန် တာပေါ်လင်စတွေနဲ့ ဝါးတွေ လိုအပ်နေကြသလို စားသောက်ဖို့လည်း အရေးပေါ်လိုအပ်နေကြပါတယ်။
” ကျွန်တော်တို့သွားကြည့်တော့ အိမ်တော်တော်များများက ပြုပြင်ဖို့ခက်တယ်။ အသစ်ပြန်ဆောက်ရမယ့် အနေအထားပဲ။ စားစရာလည်းဘာမှမရှိတော့ အနီးအနားရွာတွေကစုပြီး ပေးထားရတယ်။ နေအိမ်ပျက်စီးသွားသူတွေကို နဂိုအခြေအနေအတိုင်းပြန်မလုပ်ပေးနိုင်ရင်တောင် လောလောဆယ် မိုးလုံလေလုံနေထိုင်နိုင်ဖို့အတွက် ယာယီတဲအိမ်လေးတွေထိုးပေးဖို့ အလှူငွေတွေလိုအပ်နေပါတယ်” လို့ ဖုံသာချောင်းအုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ယခုလ ၁၀ ရက်နေ့ကစလို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်၊ အမ်းနဲ့ မင်းပြားမြို့နယ်တို့မှာ တစ်ကျော့ပြန် ရေကြီးမှုဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ ရေလွှမ်းမိုးခံရကာ နေအိမ်နဲ့လယ်ဧက အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ပုံစာ- မင်းပြားမြို့နယ်အတွင်းက ရေနစ်မြှုပ်နေသည့် နေအိမ်အချို့
Photo – ABN
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

