ရန်ကုန်- ၂၀၂၃ ဩဂုတ် ၃၁ (မော်ကွန်း)
ကော့ကရိတ် – မြဝတီ အာရှလမ်းပြန်ဖွင့်ပေမယ့် ကားလမ်းပိတ်ဆို့မှုကြောင့် ခရီးစဉ်နှောင့်နှေးမှုတွေဖြစ်နေဆဲလို့ အဆိုပါလမ်းကိုဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။
အာရှလမ်းပေါ်က မြဝတီမြို့အထွက် တောနော်ရေတံခွန်အနီး လမ်းပြိုကျသွားတဲ့နေရာမှာ ယာယီဘေလီတံတားပြီးစီးသွားတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာပြန်ဖွင့်ခဲ့ပြီး ကားတွေဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ အဆိုပါဘေလီတံတားထိုးထားတဲ့နေရာမှာ လမ်းကျဉ်းတာကြောင့် ကားတွေရာနဲ့ချီပြီး ပိတ်ဆို့နေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
မနေ့ကတော့ မြဝတီမြို့ကလာတဲ့ ကားတွေကိုပဲ ဦးစားပေးစေလွှတ်နေပြီး မြဝတီကိုသွားမယ့် ကားတွေကိုတော့ ယာယီပိတ်ထားတယ်လို့ ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူ ကိုဆက်က ပြောပါတယ်။
“လမ်းက တော်တော်ကျဉ်းတော့ ကားက တစ်စီးချင်းစီပဲဖြတ်ခွင့်ပေးတယ်၊ ကုန်တင်ကားတွေရော ခရီးသည်တင်ကားတွေပါ ပိတ်နေတာ။ အဲ့ဒီနေရာ တခါဖြတ်ဖို့ နေ့တဝက်လောက်ကြာတယ်၊ ကားတွေအကုန်ပိတ်နေတာ၊ အတက်ကားတွေကို ဦးစားပေးလွှတ်နေတာ၊ အဆင်းကားတွေ ပေးမဆင်းသေးဘူး” လို့ ၎င်းကပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်နားမှာ ယခုလ ၇ ရက်က မိုးသည်းထန်စွာရွာမှုကြောင့် လမ်းပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ပျက်စီးသွားတဲ့ လမ်းပိုင်းကို ၅၅ တန်ထိ ဖြတ်သန်းလို့ရတဲ့ ယာယီဘေလီတံတားတစ်စင်းတည်ဆောက်ခဲ့ပြီး လမ်းကိုပြန်ဖွင့်ပေးခဲ့တာပါ။
လက်ရှိမှာတော့ အဆိုပါတံတားကနေ တစ်ရက်ကို ယာဉ်အစီး ၃၀ ခန့်သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းဟာ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှုအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး လမ်းပိတ်နေတဲ့ ကာလအတွင်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်မှုတွေ ရှိခဲ့ပါတယ်။
ပုံစာ – အာရှလမ်း ပိတ်ဆို့နေတဲ့ မြင်ကွင်း
Photo – Ko Sett
#Dailynews

