ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၈ (မော်ကွန်း)
ဖားကန့်ရတနာမြေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာပြီး မြို့ပေါ်နဲ့ ရတနာမှော်တွေက ဒေသခံအများအပြား စစ်ဘေးရှောင်လာတာကြောင့် ကားခတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဖားကန့်-မြစ်ကြီးနား ကားခဟာ အရင်ထက် နှစ်ဆကျော်မြင့်တက်သွားပြီး မြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာလည်း လူအများအပြားရောက်ရှိနေတယ်လို့ ဖားကန့်ဒေသခံတချို့က ပြောပါတယ်။
“မှော်တွေလည်း အကုန်ပိတ်ကုန်ပြီ။ မြို့ခံတွေ နည်းနည်းလောက်ပဲ မပြန်မှာ။ အကုန်ပြန်ဖို့လုပ်နေတော့ ကားခတွေကလည်း တက်သွားတယ်။ ကိုယ်ပိုင်ကားတွေနဲ့ ဆွဲပေးနေတာ အရင်(ကျပ်)သုံးသိန်းလောက်ပဲရှိတာ၊ အခုမြစ်ကြီးနားထိကို ခြောက်သိန်းလောက်ထိဖြစ်နေတယ်။ မတတ်နိုင်တဲ့သူတွေလည်း အနီးအနားမှာပဲ စစ်ရှောင်ကြမှာပေါ့။ တတ်နိုင်တဲ့သူတွေတော့ ထွက်နေကြပြီ” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
ဖားကန့် မြို့အဝင်အနီးက ဆိုင်းတောင်ရွာမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ သီးတင်းပတ်ထဲကစပြီး တိုက်ပွဲတွေပြင်းထန်နေပြီး အခုလ ၁၂ ရက်မှာ ဆိုင်းတောင်ကျေးရွာရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ကလည်း ဆိုင်းတောင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး မနေ့ကထိ တိုက်ပွဲတွေပြင်းထန်နေတာပါ။
လက်ရှိမှာတော့ ဆိုင်းတောင်ရွာက ဒေသခံအားလုံးနီးပါး ထွက်ပြေးနေရသလို ဖားကန့်မြို့ပေါ်မှာလည်း ခြောက်ကပ်သွားပြီလို့ ဒေသခံတချို့က ပြောပါတယ်။
ဖားကန့်၊ မှော်စီစာ ရပ်ကွက်ထဲက ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆိုင်းတောင်ရွာက စစ်ဘေးရှောင် တစ်ထောင်ကျော်ခန့် ရောက်ရှိနေပြီလို့ ၎င်းဒေသခံက ပြောပါတယ်။
“အင်တာနက်လိုင်းဖုန်းလိုင်းတွေလည်း အရင်လထဲကပိတ်ထားတယ်။ လျှပ်စစ်မီးလည်း မရတော့တဲ့ အခြေအနေဖြစ်သွားပြီ။ မြို့က လုံးဝခြောက်ကပ်သွားပြီ” လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့က ဖြစ်တဲ့တိုက်ပွဲမှာတော့ ဆိုင်းတောင်ရွာက ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ ဆီသိုလှောင်ကန်တစ်ခု မီးလောင်ပေါက်ကွဲခဲ့ပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းတော့ ဆိုင်းတောင်တိုက်ပွဲအခြေအနေ ငြိမ်သက်နေတယ်လို့ ဆိုင်းတောင်ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးကတော့ ဆိုင်းတောင်မှာ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဖားကန့်၊ ဆိုင်းတောင် တာဝါတိုင်အနီးနဲ့ မိုးမောက်-ဗန်းမော် ကားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
KIA အနေနဲ့ အခုနှစ် မတ်လဆန်းမှာ ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး ဆွမ်ပရာဘွမ်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘို၊ ကန်ပိုက်တီး၊ လွယ်ဂျယ်နဲ့ မိုးမောက် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်စခန်း ရာနဲ့ချီပြီးတော့လည်း KIA က ရှင်းလင်းနိုင်ခဲ့တာပါ။
ဖားကန့်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်း
ဓာတ်ပုံ – TLM
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

