ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၇ (မော်ကွန်း)
၆၁ နှစ်ပြည့် ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ဒီနေ့မှာ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း(OCTOPUS)အဖွဲ့က ရန်ကုန်မြို့တစ်နေရာမှာ “ဆဲဗင်းဇူလိုင်းစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ” ဆိုတဲ့ စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်တွန်းလှုံဆော်မှုတစ််ခုပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့ ၆၁ နှစ်မြောက်(ဆဲဗင်းဇူလိုင်)နေ့မှာ ကျောင်းသားထုကိုလေးစားဦးညွှတ်တဲ့အနေနဲ့အခုလိုချိတ်ဆွဲခဲ့တာဖြစ်ပါတယ်လို့” OCTOPUS အဖွဲ့ရဲ့ ဥက္ကဌ ကပြောပါတယ်။
ဆဲဗင်းဇူလိုင်အရေးတော်ပုံဟာ စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းအစိုးရကို တော်လှန်ဆန့်ကျင်ခဲ့တဲ့ ပထမဦးဆုံးကျောင်းသားလှုပ်ရှားမှုဖြစ်ပါတယ်။
၁၉၆၂ မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး မတ်လ ၉ ရက်မှာ တက္ကသိုလ်အက်ဥပဒေကိုဖျက်သိမ်းကာ စစ်အစိုးရရဲ့ တင်းကြပ်တဲ့အဆောင်စည်းကမ်းတွေကို ဆန့်ကျင်ဆန္ဒပြလာရာကနေ ဇူလိုင် ၇ ရက်မှာ ဗိုလ်ချုပ်နေဝင်းစစ်အစိုးရက ကျောင်းသားထုကိုစတင်အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။
ဗိုလ်ချုပ်နေဝင်းရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ ရာနဲ့ချီသေဆုံးခဲ့ပြီး နောက်တစ်နေ့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကို အာဏာသိမ်းစစ်တပ်ကဗုံးခွဲဖျက်ဆီးလိုက်တယ်လို့ သမိုင်းမှတ်တမ်းတွေကဖော်ပြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ဆဲဗင်းဇူလိုင်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း ကျောင်းသူ၊ကျောင်းသားတွေနဲ့ နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ကျောင်းသူ၊ကျောင်းသားတွေကို ဂုဏ်ပြုအလေးပြုကြောင့် ဆဲဗင်းဇူလိုင်နေ့အထိမ်းအမှတ်သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒီနေ့ရန်ကုန်မြို့မှာဆိုလည်း “ ၇-၇-၆၂ မမေ့ကြနဲ့” ဆိုတဲ့စာတန်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ပုံစာ- ရန်ကုန်မြို့တစ်နေရာတွင် ဆဲဗင်းဇူလိုင်စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြဆိုတဲ့စာတန်းချိတ်ဆွဲထားသည့်မြင်ကွင်း
Photo – OCTOPUS
#Dailynews

