ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၂ (မော်ကွန်း)
မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ ရေကြီးရေလျှံပြီး ရေထဲမျောပါသွားတာကြောင့် သေဆုံးသူတွေအများအပြားရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ် ဆည်ကြီး၊ ညောင်အိုင်၊ မြင်းနားနဲ့ ကံသာအေး စတဲ့ကျေးရွာတွေမှာ ရေလွှမ်းမိုးတာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီမနက်မှာထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပဲ ရမည်းသင်းမြို့နယ်ထဲမှာ ရေစီးနဲ့အတူ မျောလာတဲ့ အလောင်းခုနစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာဆိုရင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူတချို့ရှိခဲ့ပြီး ရေထဲမျောပါသူတချို့လည်းရှိခဲ့တာပါ။
တပ်ကုန်းမြို့မှာဆိုရင် ဒီနေ့မနက်ပိုင်းက ရေစီးနဲ့မျောပါသွားတာကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတချို့က ထုတ်ပြန်ထားပါတယ်။
လက်ရှိဖြစ်နေတဲ့ရေဘေးကြောင့် သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ မပြေးလွှားနိုင်တဲ့သူတွေနဲ့ အမျိုးသမီးတွေ ပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ပြောပါတယ်။
ကျောက်ဆည်ခရိုင်ထဲက သဲတောနဲ့ ဝမ်းတွင်းမြို့နယ်အရှေ့ဘက်ကျေးရွာတွေမှာ ဒီနေ့ ညနေစောင်းထိ ကယ်ဆယ်ရေးတွေ မရောက်သေးတဲ့ရွာတွေ ရှိနေသေးတယ်လို့ အဲဒီဒေသခံတွေကို ကူညီကယ်ဆယ်ပေးသူတစ်ဦးက ပြောပါတယ်။
“ရေက အခုထိအများကြီးပြန်မကျသေးဘူး။ ရွာတွေအကုန်လုံးက နှစ်ထပ်အိမ်ဆိုရင်တောင် အပေါ်ထပ်ထိ ရေတက်တယ်။ တစ်ထပ်အိမ်တွေကတော့ အကုန်မြုပ်သွားတယ်။ တချို့အိမ်တွေ ရေထဲမျောသွားတယ်။ ရေစီးကြမ်းလို့တော့ ကယ်ဆယ်ရေးတွေ ဝင်မရတာတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိ မန္တလေးတိုင်းထဲမှာ ရေဘေးသင့်ပြည်သူ သောင်းချီရှိနိုင်ပြီး အစားအစာနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတချို့ကပြောပါတယ်။
“ပျဉ်းမနားသကြားစက်အထက်တန်းကျောင်းမှာဆိုရင် ကျောင်းအပေါ်ထပ်မှာ ရေဘေးရှောင် ၅၀၀ လောက်ရှိတယ်၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့လိုတယ်။ အဓိကတော့ ချက်ပြုတ်စားလို့အဆင်မပြေဘူး။ အရေးပေါ် စားလို့ရတဲ့ အစားအစာလိုမျိုးတွေ၊ ပြီးတော့ သောက်သုံးရေ အဓိကလိုတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ မီးသတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ မနေ့က စတင်လုပ်ဆောင်ခဲ့ပြီး ရေဘေးသင့်ဒေသခံ ထောင်နဲ့ချီပြီး ဘေးလွတ်ရာ နေရာတွေကို ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။
လက်ရှိအချိန်ထိ နေပြည်တော်ကောင်စီနဲ့ မန္တလေးတိုင်းထဲမှာ ရေကြီးလို့ ပိတ်မိနေတဲ့ ဒေသခံ ရာနဲ့ချီရှိနိုင်သေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကတော့ နေပြည်တော်နဲ့ ဆက်စပ်နေတဲ့ ပဲခူးရိုးမထဲက စစ်တောင်းမြစ်ရေဟာ အခုရက်ပိုင်းအတွင်း တောင်ငူမြို့ရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ စိုးရိမ်ဖွယ်မြင့်တက်နေပြီး ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ သတိပေးပြောထားပါတယ်။
လက်ရှိမှာ အဆက်မပြတ် သည်းထန်စွာရွာသွန်းတဲ့မိုးကြောင့် တစ်နိုင်ငံလုံးမှာ ရေကြီးရေလျှံနေပြီး မန္တလေးတိုင်းနဲ့ နေပြည်တော်တို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းတောင်ပိုင်း၊ ကရင်ပြည်နယ်မြဝတီမြို့တို့မှာ အဆိုးဝါးဆုံး ရေကြီးရေလျှံနေတာပါ။

ပုံစာ – မန္တလေးတိုင်းနဲ့ နေပြည်တော်မှာ ရေကြီးနစ်မြုပ်နေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ဆယ်ပေးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – Myanmar Fire Service Department
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

