တစ်ပတ်အတွင်း တိုက်ပွဲသတင်း

တစ်ပတ်အတွင်း တိုက်ပွဲသတင်း

ရန်ကုန်- ၂၀၂၄ စက်တင်ဘာ ၆ (မော်ကွန်း)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အများစုက အရပ်သားမြို့ရွာတွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီဗုံးကြဲတာကြောင့် သေကြရတာပါ။ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအနက်က တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး တိုက်ပွဲတချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နေပြည်တော်ကိုလာခဲ့သလို မြန်မာ-တရုတ်နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတွေ တရုတ်ကလုပ်ခဲ့ပြီးနောက် ဒီသီတင်းပတ်အတွင်း ရှမ်းမြောက်မှာ စစ်ရေးအရှိန် အနည်းငယ်ကျလာပါတယ်။

ဒီလ ၂ ရက်မှာ စစ်ကောင်စီကနေ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာသတ်မှတ်ပြီးနောက် ဒီအဖွဲ့တွေထိန်းချုပ်ရာ မြို့ရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတာတွေ ခပ်စိပ်စိပ်လုပ်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားအများအပြား အဲဒီဒေသတွေမှာ ဒီသီတင်းပတ်အတွင်း သေဆုံးခဲ့ရပါတယ်။

ရင်ဆိုင်တိုက်ပွဲအနေနဲ့ ဒီလ ၃ ရက်နဲ့ ၄ ရက်မှာ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာရှိတဲ့ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပါတယ်။

တောင်ခမ်းမှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမြှောက်တပ်ရင်းနှစ်ခုကို TNLA ပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့လပိုင်းထဲက ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေ တာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတချို့က ဆိုပါတယ်။

TNLA သိမ်းယူထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်ကနေ တောင်ခမ်းကျေးရွာဘက်ကို စစ်အင်အားတွေဖြည့်တင်းနေပြီး TNLA ဘက်ကလည်း အဲဒီဒေသကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာပါ။

ဒါ့အပြင် TNLA ပူးပေါင်းတပ်တွေဟာ တောင်ခမ်းတပ်စခန်းတွေကို ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီတပ်ဆီက သိမ်းယူထားတဲ့ သံချပ်ကာယာဉ်တွေကို အသုံးပြုတိုက်ခိုက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

တောင်ခမ်းရွာအနီးမှာ စစ်ကောင်စီတပ်ရင်းရဲ့ အမြှောက်တပ်ရင်း လေးရင်းရှိတဲ့အထဲက နှစ်ရင်းကိုတော့ ပြီးခဲ့တဲ့လကတည်းက သိမ်းယူထားပြီး ကျန်တဲ့တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

TNLA သိမ်းထားတဲ့ တအာင်းကိုယ်ပိုင်အုပ်ခွင့်ရဒေသမှာရှိတဲ့ မန်တုံမြို့ကို စစ်ကောင်စီက ဒီလ ၃ ရက်က လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း လက်ဖက်စက်ရုံတစ်ခုနဲ့ ယခင်စစ်ကောင်စီတပ်ဖြစ်တဲ့ ခလရ(၁၃၀) တပ်စခန်းတွေအပေါ် ဗုံးကျ ရောက်ခဲ့ပြီး ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလ ၄ ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။

ဒီနေ့မှာလည်း တရုတ်နယ်စပ်အနီးက TNLA ထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေအပါအဝင် ၁၁ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရ ပါတယ်။

စစ်ကောင်စီဟာ TNLA သိမ်းလိုက်တဲ့ဒေသတွေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနဲ့ မန်တုံမြို့တွေကို မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း
အလားတူပဲ ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီနယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က မနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ကိုးဦး သေဆုံးသွားပါတယ်။

မနေ့ညပိုင်းမှာ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်က ဘန်ကောက် စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်တွေ သေဆုံးခဲ့တာပါ။

ကချင်ပြည်နယ်
ကချင်ပြည်နယ်က ဖားကန့်ရတနာမြေမှာ ဒီလ ၄ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲ ဆက်ဖြစ်ခဲ့ပါတယ်။

KIA ရဲ့ ဖြတ်တောက်ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို ဖွင့်ဖို့ ဖားကန့်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

လက်ရှိမှာ ဖားကန့်ရဲ့ အဓိကကျတဲ့ စစ်စခန်းတချို့ကို KIA က သိမ်းယူထားနိုင်ပြီး ကျန်ရှိတဲ့ စစ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတာပါ။

စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ ဒီလ ၁ ရက်နဲ့ ၂ ရက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့ကို တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့ကြပြီး စစ်ရေးဆက်လက်တင်းမာနေပါတယ်။

ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်အင်အားအများအပြားနဲ့ အခုသီတင်းပတ်ထဲ စစ်ကြောင်းထိုးလာပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်လာတာလို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မန္တလေးတိုင်း
ဒီလ ၃ ရက် မနက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ မန္တလေးမြို့ နန်းတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို Brave Warriors for Myanmar (BWM) ပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ ရှော့တိုက်ဒုံးခုနစ်လုံး အောင်မြင်ခဲ့ပြီး နန်းတွင်းက စည်းရုံးရေးသင်တန်းကျောင်း ထိမှန်ပျက်စီးခဲ့ကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးကိုလည်း ရှော့တိုက်ဒုံးနှစ်လုံးထိမှန်ခဲ့တယ်လို့ ဒီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်က အရာရှိ သုံးဦးအပါအဝင် ခုနှစ်ဦးသေဆုံးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပြီး ဒါကို သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ခိုက်မှုအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးက တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အကြီးစား Drone Center တစ်ခုပျက်စီးသွားကာ ဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ် ဒရုန်းနဲ့ ထောက်လှမ်းတိုက်ခိုက်မှုတွေ လျော့ကျသွားနိုင်ဖို့ အထောက်အပံ့ဖြစ်ခဲ့တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။ သူတို့လုပ်ဆောင်ချက်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖော်ဆောင်နေတဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ထောက်ပံ့ပူးပေါင်းတဲ့အနေနဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့အဖွဲ့တွေဟာ NUG လက်အောက်ခံအဖွဲ့တွေမဟုတ်ဘဲ သီးခြားလှုပ်ရှားတဲ့ ပြောက်ကျားအဖွဲ့တွေသာ ဖြစ်ပါတယ်။

မကွေးတိုင်း
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ကမ္မကျေးရွာ ဓါတ်အားပေးစက်ရုံရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့လ ၃၁ ရက်ကနေ ဒီလလ ၄ ရက်ထိ လေးရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ရဲကင်းစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်တွေကတော့ ရဲကင်းစခန်းကို နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း
ပဲခူးတိုင်း၊ ရွှေကျင်မြို့က ကုန်းမြင့်သာယာကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီလ ၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်း အများအပြားနဲ့ ဆန်အိတ် ၄၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်
မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်အနီးက စွယ်တော်ကုန်း အမြောက်ကုန်းကို KNU/KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒီလ ၃ ရက်က ဝင်တိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း KNU/KNLA တပ်တွေ ထိန်းချုပ်ထားတဲ့ လက်ခတ်တောင်ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

လက်ရှိအချိန်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ အမြှောက်ကုန်းကို ပိတ်ဆို့ထားပြီး တိုက်ပွဲတွေ ဆက်လက်ရှိနေပါတယ်။

ပုံစာ – ယခုသီတင်းပတ်အတွင်း စစ်ရေးမြင်ကွင်းများ
ဓာတ်ပုံ – TNLA သတင်းနဲ့ပြန်ကြားရေး
🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."