ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၅ မော်ကွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဒီဖြစ်စဉ်ကို သွားရောက်ကူညီသူတချို့က ပြောပါတယ်။
သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအုပ်စုမှာရှိတဲ့ ကျောင်းပြိန်းရွာက နေအိမ်တစ်လုံးပေါ်ကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး နေအိမ်မှာအိပ်နေတဲ့ လင်မယားနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာပါ။
အမျိုးသားဖြစ်သူဟာ နေရာမှာပဲသေဆုံးခဲ့ပြီး အမျိုးသမီးကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လောလောဆယ် ဒဏ်ရာရှိသူကိုတော့ ကျွန်တော်တို့အသင်းကပဲ ဆေးကုသပေးနေပါတယ်။ ထိသွားတဲ့နှစ်ယောက်လုံးက သက်ကြီးရွယ်အိုတွေ အိမ်မှာအိပ်နေတုန်းပဲ လက်နက်ကြီးက တည့်တည့်ကျတာ” လို့ ၎င်းက ပြောပါတယ်။
သီပေါမြို့နယ်မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေတာပါ။
“လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတာပဲ။ မြို့ခံတွေတော့ သိပ်တော့မရှိဘူး။ တပ်စခန်းတွေနဲ့ ဝေးဝေးတွေကို ရှောင်နေကြတာများတယ်။ တချို့လည်း မရှောင်ဘူးဆိုပြီး နေတာလည်းရှိတယ်” လို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။
အခုလ ၂ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ သီပေါအခြေစိုက် ခလရ (၂၃) တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကုံးစုံ(လီဆူ) ရွာက နေအိမ်ထိမှန်ကာ အရပ်သားဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက သီပေါမြို့နယ်ထဲကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြီးခဲ့တဲ့လဆန်းပိုင်းတည်းက ဆက်တိုက်ပြုလုပ်ခဲ့ပြီး တစ်လအတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂၂ ဦးသေဆုံးကာ ၆၀ ကျော် ထိခိုက်ဒဏ်ရာသွားတယ်လို့ TNLA ရဲ့ အချက်အလက်တွေအရသိရပါတယ်။

ပုံစာ – ဒီမနက် လက်နက်ကြီးထိမှန်ခဲ့တဲ့ နေအိမ်
ဓာတ်ပုံ – နယ်စည်းမခြားပရဟိတ (သီပေါ)

