ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ခတ်လာတာကြောင့် ရွှေဝယ်လိုအားများလာပြီး ရွှေဈေးစံချိန်တင်မြင့်တက်သွားကာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
မနေ့ကနေ့လယ်ပိုင်းမှာ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ၃၉ သိန်းကျပ်ကို စတင်ရောက်ရှိတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ၃၉၀၈,၀၀၀ ကျပ်ထိ ဈေးကွက်အတွင်း ဈေးဖွင့်လှစ်ထားတာပါ။
ပြီးခဲ့တဲ့လ တတိယအပတ်မှာ တစ်ကျပ်သားကို ၃၈ သိန်းရှိနေတဲ့ ရွှေဈေးဟာ သီတင်းပတ်သုံးပတ်ကျော် ကာလအတွင်း တစ်ကျပ်သားကို တစ်သိန်းဝန်းကျင် မြင့်တက်ခဲ့တာပါ။
ပြည်တွင်းမှာ လှုပ်ခတ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် ရွှေဝယ်စုဆောင်းသူများလာပြီး ဝယ်လိုအားမြင့်တက်ခဲ့တာကြောင့် အခုလို ဈေးတက်လာတာဖြစ်နိုင်တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“ပြည်တွင်းမှာ သတင်းတွေ လှုပ်လာတော့ ရွှေဈေးပါ လိုက်တက်လာတာ။ ဝယ်လိုအားလည်း များလာတဲ့သဘောပဲ။ နိုင်ငံရေးအခြေအနေကမကောင်းတော့ ဈေးကွက်ကို သက်ရောက်မှုရှိလာတာတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီဟာ ယခုလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပြည်သူတွေအကြား စိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီး စီးပွားရေးမှာလည်း လှုပ်ခတ်မှုတွေ ရှိလာတာပါ။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒေါ်လာဈေးကွက် မငြိမ်မသက်မှုကြောင့် ပြည်တွင်းရွှေဈေးကွက် အလှုပ်အခတ်ကြမ်းခဲ့ပြီး ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ခန့်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပေမယ့် သီတင်းပတ်တစ်ပတ်အတွင်းမှာပဲ ၃၂ သိန်းဝန်းကျင်ထိ ပြန်ကျသွားခဲ့တာပါ။
နောက်ပိုင်းမှာတော့ တရိပ်ရိပ်နဲ့ ပြန်လည်မြင့်တက်လာကာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ တစ်ကျပ်သားကို ၃၇ သိန်းဝန်းကျင်ကို ပြန်ရောက်လာပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းရွှေဈေးဟာ ယခင်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးတန်းကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။
“ဒီဈေးက တက်ခဲ့သမျှထဲမှာ အမြင့်ဆုံးလို့ ပြောလို့ရတယ်။ အရင်လို ကမောက်ကမ တက်တာမဟုတ်ဘူး။ နည်းနည်းချင်းတက်နေတာဆိုတော့ ပြန်ကျဖို့တော့ မလွယ်ဘူး” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ရွှေဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ အခုလို မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးနှုန်းကတော့ တစ်ကျပ်သားကို ကျပ် ၃၆ သိန်းကျော်မှာပဲ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – အကယ်ဒမီရွှေဆိုင်ဖွင့်ပွဲမှာတွေ့ရတဲ့ အခေါက်ရွှေတုံး
ဓာတ်ပုံ – YGEA

