ပဲခူး – ၂၀၂၄ စက်တင်ဘာ ၂ (မော်ကွန်း)
ပဲခူးရိုးမထဲကို ကျွဲတွေနဲ့သစ်ဆွဲလာတဲ့ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာသားငါးဦးကို သတ်ဖြတ်ခဲ့တဲ့ NUG အဖွဲ့လက်အောက်ခံ ၃၈၀၁ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးဖြစ်လာသူ မိုးကြိုးကြီးဆိုသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပဲခူးတိုင်းထဲက နွေဦးတော်လှန်ရေးအင်အားစုတွေက အရေးယူပေးဖို့ NUG ကို တိုင်ကြားတောင်းဆိုထားပါတယ်။
ဒီအမှုမှာ တရားမျှတမှုရရှိရေးအတွက် ဦးဆောင်ပါဝင်နေတဲ့ ကိုလူအေးကို မော်ကွန်းက ဩဂုတ် ၃၀ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
မော်ကွန်း – ၃၈၀၁အခုလက်ရှိ ယာယီတပ်ရင်းမှူးမိုးကြိုးနဲ့ပါတ်သတ်တဲ့သတင်းကို ကျွန်တော်တို့ လိုက်နေပါတယ်၊ မနေ့တုန်းကမနက်ပိုင်းမှာ သူတို့တွေ တပ်ရင်းတစ်ရင်းလုံး အစည်းဝေးလုပ်တယ်၊ အစည်းအဝေးလုပ်းပြီးတော့ ဗိုလ်မိုးကြိုးကြီးကို ယာယီတပ်ရင်းမှူးအနေနဲ့ တရားဝင်ခန့်အပ်လိုက်တယ်ဆိုတာ သိလိုက်ရတယ်။
ကိုလူအေး – မဟုတ်ဘူးအစ်ကို၊ ၈.၈.၂၀၂၄ ကသူတို့တွေ တပ်ရင်းအစည်းအဝေးလုပ်ကြတယ်။ တပ်ခွဲမှူးတွေရယ် မူလတပ်ရင်းမှူးရယ် သုတေသတာဝန်ရှိသူကိုလဲ အကုန်လုံးပူးပေါင်းပြီး လုပ်ကြတယ်။ ၈.၈.၂၀၂၄ က သူတို့ရွေးချယ်တာပေါ့နော်၊ ခန့်အပ်တာက ၁၈.၈.၂၀၂၄ စစ်ရုံးစာအမှတ် (၄၆/၂၀၂၄)နဲ့ ၁၈.၈.၂၀၂၄ ကတည်းကခန့်လိုက်ပြီးပေါ့နော်၊ မနေ့ကကျတော့ မူလတာဝန်ယူထားတဲ့ တပ်ရင်းမှူးတာဝန်ယူထားတဲ့သူက ဒီအခုခန့်အပ်ခြင်းခံရတဲ့ ယာယီတပ်ရင်းမှူးတာဝန်ခံရယူမယ့် မိုးကြိုးကြီးကိုသူလွှဲပေးတာပေါ့။
မော်ကွန်း။ ။ ဒီဟာမျိုး အမှုခင်းဖြစ်နေတဲ့လူသတ်မှုကို ဒီဘက်ကတော်လှန်ရေးအဖွဲ့တွေကလည်း ဒီလိုမျိုးပြောနေတဲ့အချိန်မှာပဲ သူက ဘာပဲဖြစ်ဖြစ် ဒီတပ်ရင်းမှူးရာထူးကို ရယူထားတယ်ပေါ့နော်၊ ဆက်လုပ်ထားတယ်ဆိုတော့ တစ်ဘက်က အစ်ကိုတို့ NUG ဘက်ကို တောင်းဆိုထားတဲ့ အခြေအနေမှာရော ဘယ်လိုရှိလဲဗျ။
ကိုလူအေး – အခု NUG ဘက်ကိုတောင်းဆိုထားတဲ့ဥစ္စာတွေက ကျွန်တော်တို့ကဒီသတင်းကို လူသတ်မှုသတင်းကို စကြားကြားချင်း ကျွန်တော်တို့ကပြောတယ်၊ အဲဒီ ကိုကျော်ကျော်နိုင် (အမှုဖြစ်ပွားချိန်က တပ်ရင်းမှူး) ကိုစပြီး ကျွန်တော်စပြောတယ်၊ အင်းမလုပ် အဲမလုပ် လုပ်တယ်။
ကျွန်တော်တို့စပြီးသိတဲ့အချိန်တုန်းက ငါးယောက်ပေါ့၊ ငါးယောက်မှာ သုံးယောက်ကို သတ်ပစ်လိုက်ပြီလို့ကြားတော့ ကျွန်တော်တို့က ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကယ်ရမယ်၊ သူမသတ်ရသေးရင်လည်း ကယ်လို့ရအောင်ဆိုပြီးတော့ ကျွန်တော်တို့ ရေးကြီးသုတ်ပြာ တောင်းဆိုခဲ့တယ်၊ NUG ဘက်က ပဲခူးတိုင်း ပအဖပေါ့နော်၊ ပြည်ထဲရေးက တာဝန်ရှိသူကိုလည်း ကျွန်တော်လှမ်းပြောတဲ့အခါမှာ စာနဲ့ပေနဲ့ စနစ်တကျ တိုင်ပါတို့ ဘာတို့လုပ်တယ်။
မဟုတ်ဘူး ခင်ဗျားတို့အချိန်မီတားပါ၊ ကိုယ့်အသိုင်းအဝိုင်းမဟုတ်တဲ့နေရာမှာ ကိုယ်ချင်းကိုယ်ချင်း ဖြစ်နေတဲ့ပြဿနာ အကြောင်းမဟုတ်ဘူး၊ အခုက အခုအသိုင်းအဝိုင်းကလူဖြစ်နေတာ။
ကျွန်တော်ပြောတဲ့ဥစ္စာကို သူတို့က အစိုးရရူး ရူးနေတာပေါ့ဗျာ။ ဒီမှာက အစိုးရရူးရူးနေတော့ ဟိုမှာ အကုန်လုံးသတ်ပစ်လိုက်ပြီ၊ တကယ်တော့ ငါးယောက်မဟုတ်ဘူး၊ ခြောက်ယောက်သတ်ပစ်တာ၊ ကျွန်တော်တို့က ငါးယောက်ရဲ့ မိသားစုဝင်တွေနဲ့ပဲ အချိတ်အဆက်ရလို့ ငါးယောက်ပဲပြောတာ၊ တကယ်တမ်းကျတော့ ခြောက်ယောက်သတ်ပစ်လိုက်တာ။ ဘာဖြစ်လို့သတ်တာလဲလို့ မေးလိုက်တော့ ဖမ်းထားဖို့အတွက် အချုပ်တွေ ထောင်တွေမရှိလို့တဲ့။ ဘာဖြစ်လို့ဖမ်းတာလဲဆိုတော့ အဲ့ရွာကလူတွေကပျူစောထီးရွာကဖြစ်နေလို့ အဲဒါဆိုရင် ကျွန်တော်တို့တော်လှန်ရေးက လမ်းဘေးရောက်သွားမှာပေါ့၊ မဟုတ်တာပဲကို အောက်တန်းကျတဲ့ တော်လှန်ရေးဖြစ်သွားမှာပေါ့။
မော်ကွန်း – အဲ့ဒီအရှေ့မှာလည်း ကျွန်တော်တို့ကြားတာက ဘော်ဘင်ရွာကို လက်နက်ကြီးနဲ့ ပစ်ဖို့ဆိုပြီး အမိန့်ပေးတာရှိတယ်လို့ ကျွန်တော်တို့သိရတယ်၊ အဲ့ဒါကိုငြင်းဆန်တဲ့ လူတချို့လည်း ရှိတယ်ပေါ့၊ မနေ့ကအစည်းအဝေးမှာ သိရသလောက် တပ်ခွဲတစ်ခွဲ သူတို့လုံးဝမသွားရဘူးလို့ ကျွန်တော်တို့သိရတယ်၊ ခုလောလောဆယ် မိုးကြိုးကလည်း တောထဲမှာ လွဲအပ်ခြင်းကိစ္စ ပြီးပြီးဆိုတော့ ဒီလိုပုံစံဆိုရင် လူသတ်မှုဖြစ်ထားတဲ့သူက တပ်ရင်းမှူးဖြစ်နေတဲ့အနေအထားမှာ ဘာမှတ်ချက်ပေးချင်လဲ။
ကိုလူအေး – ကျွန်တော်တို့သဘောထားမှတ်ချက်က လူသတ်တာလည်း ပေါ်လွင်တယ်၊ သတ်တဲ့လူကလည်း သတ်ပါတယ်လို့ဝန်ခံထားတယ်၊ မီဒီယာကိုတောင်မှပဲ သူကရှင်းရှင်းလင်းလင်း ဟုတ်ကဲ့ ကျွန်တော်သတ်လိုက်ပါတယ်လို့လည်း တိတိကျကျဝန်ခံထားတယ်၊ မီဒီယာတွေမှာလည်း ပြန့်သွားပြီ၊ ဒါကြီးကမီးနဲ့လောင်နေတာ ရေနဲ့ဖြန်းရတဲ့ကိစ္စကို မီးနဲ့ထပ်ရှို့တယ်လို့ပဲမြင်တယ်ဗျာ။ အဲဒီတော့ ဘယ်သူ့ကိုရှို့တာလဲဆိုရင်တော့ ပြည်သူတွေကိုရှို့တာပဲဗျ။
တကယ်တော့ တော်လှန်ရေးကို ရှို့နေတာပဲ။ အဲလိုလုပ်တဲ့သူတွေအားလုံးက NUG အစိုးရမှာ တာဝန်ရှိတဲ့သူတွေအားလုံး တာဝန်ရှိနေရဲ့နဲ့ တာဝန်မဲ့တာဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် MOD က တာဝန်အမဲ့ဆုံးဖြစ်တယ်၊ NUG အစိုးရတစ်ဖွဲ့လုံးက ပွင့်ပွင့်လင်းလင်းပြောရရင် လူထုကိုကိုယ်စားပြုတဲ့အစိုးရ မဟုတ်တော့ဘူး၊ လူထုကိုယ်စားပြုတဲ့အစိုးရဆိုတာ လူ့အသက်တစ်ချောင်းကို တန်ဖိုးထားတတ်တဲ့အလေ့အကျင့်ရှိမှ လူထုကိုကိုယ်စားပြုလို့ရမှာဗျ၊ ကျွန်တော်တို့ပြောတာ ဒလန်မှန်း သေချာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ စာရွက်စာတမ်းတွေ ညွှန်ကြားချက်တွေအကုန်လုံးရှိတယ်၊ ကျင့်ဝတ်တွေရှိတယ်။
ဒီဟာတွေနဲ့ အကုန်ကိုက်ညီတယ် ဆိုလို့ရှိရင် ဘာမဆို ကျွန်တော်တို့အကုန်လက်ခံတယ်။ ဒလန်ဆိုရင်တောင်မှပဲ သေချာလောက်တဲ့အချက်လက်တွေ စိစစ်ရမယ်ဆိုတဲ့ကိစ္စ သူတို့ကိုယ်တိုင် လမ်းညွှန်ထားတာ။ ဒါဆို သူတို့က စာအုပ်ကြီးတွေထုတ်ပေးထားပြီး လုပ်ချင်ရာလုပ်တာဆိုရင် ဘာလုပ်တော့မှာလဲလို့၊ ဘာဖြစ်လို့ လမ်းညွှန်ချက်တွေနဲ့ လမ်းညွှန်တော့ တော့မှာလဲလို့။ လမ်းညွှန်ချက်ဆိုရင်လည်း လမ်းညွှန်ချက်နဲ့အညီနေဖို့လည်း ထိန်းကျောင်းဖို့ သူတို့မှာ တာဝန်ရှိတာပေါ့။ လူထုပိုက်ဆံတွေ၊ လစာတွေ ယူထားပြီးတော့ လူထုတာဝန်တွေကို မကျေဘူးဆိုရင်တော့ အဲ့ဒါအလကားအစိုးရပဲ ဖြစ်မှာပဲ။
မော်ကွန်း – ဒီကျူးလွန်တဲ့သူက မိုးကြိုးပေါ့၊ မိုးကြိုးက အဲ့ချိန်မှာသူက ဖီးနစ်ရဲ့ တပ်ခွဲမှူးပဲရှိနေသေးအချိန်လို့ပြောတယေ။ အဲ့ဒီအချိန်မှာ တပ်ရင်းမှူးက ကိုကျော်ကျော်နိုင်ပေါ့၊ ဒီကိစ္စမှာ ကိုကျော်ကျော်နိုင်ရဲ့ ဒီတာဝန်ခံယူမှူနဲ့ပတ်သတ်လို့ပေါ့၊ ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ကိုလူအေး – အဓိကဒီပြဿနာကနှစ်ချက်ရှိတယ်ပေါ့နော်၊ နှစ်ချက်မဟုတ်ဘူး၊ သုံးချက်လောက် ခွဲထုတ်လို့ရတယ်။ နံပါတ်တစ်အချက်က သူတရားသူစီရင်တာလားပေါ့နော်။ သူ့ဟာသူ COC(စစ်သည်တော်ကျင့်ဝတ်)ကို နားမလည်ဘဲနဲ့ နားမထောင်ဘဲနဲ့ သူ့သဘောနဲ့သူသတ်ပြီးတော့ ကိုကျော်ကျော်နိုင်ကိုပြောတာလား၊ ဒါမှမဟုတ် ကိုကျော်ကျော်နိုင်ကို ပြောပြီးတော့မှ ခွင့်ပြုချက်ယူပြီး သတ်တာလားဆိုတာကတော့ သူတို့အချင်းချင်းပဲသိလိမ့်မယ်ဗျ။
အဲဒါက စစ်ဆေးဖော်ထုတ်ဖို့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုထားတာ ရှိတယ်။
ကျွန်တော်ကမိုးကြိုးကိုတိုက်ရိုက်မေးတာပါ၊ သူလည်း ကျွန်တော်ကိုတိုက်ရိုက်ဖြေထားတာ စာနဲ့ပေနဲ့ဖြေတယ်။ ကျွန်တော့်မှာမှတ်တမ်းတွေရှိတယ်။ ကိုကျော်ကျော်နိုင်သိပါတယ်၊ ကျွန်တော်ကိုကျော်ကျော်နိုင်ကို မေးပြီးမှလုပ်တာပါလို့သူက ဝန်ခံထားထားတာရှိတယ်။
ပြီးတော့ ၂၅ရက်နေ့(အခုလ)လောက်မှာကျတော့ ကျွန်တော် တစ်ယောက်နဲ့မေးခိုင်းလိုက်တဲ့အခါကျတော့ မောင်တင်ဦး(NUG/MOD ပဲခူးတိုင်းစစ်ဒေသမှူး)ကို အကုန်လုံး သူသတင်းပို့ပြီးသားလို့ ပြောတယ်။ ဘယ်တုန်းကပို့တာလဲ ကျွန်တော်မသိဘူး။
တင်ဦးကို ကျွန်တော်တို့က ဒဲ့မေးတဲ့အခါကျတော့ သူမသိပါဘူး၊ သူ့ကိုမပြောပါဘူးဆိုပြီး ဖင်ပိတ်ငြင်းတယ်။ အဲဒီအသံဖိုင်လည်းရှိတယ်။ သူတောင်မှ သူများပြောလို့ သိပါတယ်လို့ ရူးချင်ယောင်ဆောင်သွားတယ်။
အဲ့ဒီတော့ တင်ဦးကလည်း သိပါတယ်ဆိုပြီးတော့ မိုးကြိုးကြီးကပြောတယ်၊ ကိုကျော်ကျော်နိုင်ကို အသိပေးပြီးမှ လုပ်တယ်၊ သူမဟုတ်တာဘာတစ်ခုမှမလုပ်ပါဘူး၊ သူလမ်းညွန်ချက်အတိုင်း ဆောင်ရွက်ပါတယ်လို့ မိုးကြိုးကြီးကပြောထားတယ်။
မိုးကြိုးကြီးလုပ်ရက်တွေက အားလုံးမှားတယ်။ ဒါပေမဲ့ မိုးကြိုးကြီးလုပ်ရပ်တွေကို ခွင့်ပြုပေးတဲ့လူတွေ ပိုပြီးတော့တာဝန်ရှိတယ်။ ရှင်းရှင်းလေးရယ် အမိန့်ပေးတာနဲ့တူတူပဲ၊ အဆင့်ဆင့်တာဝန်ယူရမယ်၊ အဆင့်ဆင့် တာဝန်ခံရမယ်။
နံပါတ်တစ် ကျော်ကျော်နိုင်ကိုလည်း ကျွန်တော်ဒဲ့မေးတာနေပဲ၊ လုံးဝ တစ်ခွန်းမှဝန်မခံတဲ့အပြင် ကျွန်တော့်ကိုတားပေးပါဆိုပြီးတော့ တခြားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကနေပြီးတော့ ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့လာပြီးတော့တားခိုင်းနေတယ်။
ကျွန်တော်တို့ သူ့ဟာသူပျူစောထီးဖြစ်နေပါစေ၊ ကျွန်တော်တို့တိုက်ပွဲတိုက်မယ်ဆိုရင်တောင်မှပဲ အလံဖြူထောင်ရင် ကျွန်တော်တို့က သူ့တို့ရဲ့အသက်တွေအတွက် အားလုံးကျွန်တော်အာမခံချက် ပေးရမယ်။ တရားဝင်ဥပဒေ စစ်သည်တော်ကျင့်ဝတ်တွေအရ၊ အခုဟာ ဘာလက်နက်မှလည်း ပါမသွားဘူး၊ ဘာပျူစောထီးမှလည်းမဟုတ်ဘူး၊ ပျူစောထီးဒလန်လည်းမဟုတ်ဘူး၊ ပျူစောထီးတွေကလည်း အဲ့ဒီရွာမှာမရှိဘူးလားဆိုတော့ မဟုတ်ဘူးရှိတယ်၊ ၁၀ ယောက် လက်နက်တပ်ဆင်ထားတာလည်းသိတယ်၊ ဒီလူတွေဆိုတာ ကျွန်တော်တို့ပြန်ပြီးတော့တောင်မှပဲ သတင်းပေးနေတဲ့သူတွေ။
ပွင့်ပွင့်လင်းလင်းပြောရရင် သစ်တောခိုးခုတ်တဲ့အခါကျတော့ PDF ကိုလည်း ဖာယားနေရတယ်၊ PDF က ဒါဆိုဒါ၊ အမဲသားဆိုအမဲသား ကျောပေါ်ပိုးပို့ပေးတဲ့သူတွေ။
အဲ့ဒါကို မိုးကြိုးက ပျားရည်နဲ့ဝမ်းချတာပါ။ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင် ကြံ့ခိုင်ရေးလည်း ကျွန်တော်မုန်းတာပဲ၊ တပ်ထောက်ခံတဲ့လူလည်း ကျွန်တော်မုန်းတာပဲ၊ ပျူစောထီးကိုလည်း မုန်းတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က လူသားဝါဒပဲလက်ခံတယ်။
တိုက်ပွဲမှာ သူတင်ကိုယ်တင်ပစ်လို့ သတ်လိုက်တာ ကျွန်တော်လည်းသဘောတူတယ်။ ဒလန်ဟုတ်လို့ သိသိသာသာဖော်ထုတ်တာ သတ်လိုက်တာလည်း ကျွန်တော်သဘောတူတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်မို့လို့ အုပ်ချုပ်ရေးမှူတွေရှင်းတာလည်း ပွင့်ပွင့်လင်းလင်း ကျွန်တော်ထောက်ခံတယ်။ ဒါပေမဲ့ အဲ့ဒါကြီးကျတော့ လုံးဝမထောက်ခံဘူး၊ မိသားစုတွေဆီက ဗီဒီယိုဖိုင်တွေ ကျွန်တော်ရထားပြီးသွားပြီ။ ငိုနေတဲ့ကလေးတွေ ကျွန်တော့်မှာလည်း အဲ့အရွယ်သမီးလေးရှိတယ်။ အဲ့ကလေးတွေမိဘမဲ့သွားတာတွေ၊ မုဆိုးမဖြစ်သွားတာတွေ သားပြန်လာမှာစောင့်နေတဲ့ မိခင်တွေရဲ့သောကတွေ ကျွန်တော်မခံစားနိုင်ဘူး၊ လုံးဝမကျေနပ်ဘူး။
မော်ကွန်း – အဲ့ဒီကိစ္စဖြစ်စဥ်မှာ မူလပေါ့နော် သူတို့ကိုသတ်ပစ်တဲ့ ကျူးလွန်တဲ့ သူတွေရှိမယ်ပေါ့နော်၊ ဗိုလ်မိုးကြိုးအပါအဝင် ပြီးပြီးဆိုရင် တပ်ရင်းမှူးရှိတယ်ပေါ့နော်၊ ပြီးရင် တိုင်းတာဝန်ခံ ဦးတင်ဦးရှိမယ်ပေါ့နော်၊ ခရိုင်ရှိဦးမလား။
ကိုလူအေး – ဖွဲ့စည်းပုံပြောင်းထားတော့ ဒီခရိုင်တာဝန်ခံမရှိတော့ တိုင်းတာဝန်ခံလည်းမရှိတော့ဘူး၊ ကိုတင်ဦးက စစ်ဒေသ အမှတ် ၂ ရဲ့ စစ်ဒေသမှူးဖြစ်သွားတဲ့အခါကျတော့ ဒါတွေက ကိုတင်ဦးကသတ်မိန့်ပေးထားတယ်၊ ကိုတင်ဦးသိတယ်ဆိုရင် ကိုတင်ဦးမှာတာဝန်ရှိတယ်။ ကိုတင်ဦးကသတ်မိန့်ပေးထားတာမဟုတ်ဘူး၊ သူသတ်ပြီးမှသိတယ် ဒါပေမဲ့ သူကသိတဲ့အချိန် ရက်စွဲကတော်တော်ကြာပြီဆိုရင် သူကထိန်ချန်ထားတယ်၊ လူသတ်မှုကို အားပေးအားမြှောက် ပြုတယ်လို့ ကျွန်တော်စွပ်စွဲချင်တယ်။ တကယ်လို့ သူဘာမှမသိဘူးဆိုရင်လည်းပဲ သူကပြင်းပြင်းထန်ထန် တာဝန်ယူပေးရမယ်။ ချက်ချင်းအရေးယူပြီးတော့ ချက်ချင်း တပ်ရင်းမှူးခန့်တဲ့ကိစ္စတွေကို တားရမယ့်ကိစ္စကို အခုဘာထူးလဲ ဘီလူးကိုအသားကျွေးသလိုပဲဗျ။
ရှင်းရှင်းလေးရယ်ဗျာ အရူးတစ်ယောက်ဓားတစ်လက်နဲ့ လျှောက်ရမ်းနေတာကို ကျွန်တော်တို့က လွှတ်ပေးရမှာလား။ တံခါးကိုပိတ်ပေးရမှာလား၊ ဖွင့်ပေးရမှာလား၊ ထမင်းစားနေပြီး နားလည်ရမှာပေါ့။ အဲဒါကိုသတ်ခွင့်ပေးတာအတူတူပဲ၊ ကျန်တဲ့မိသားစုဘဝကိုပါ ထပ်ပြီးသတ်ခွင့်ပြုနေတယ်လို့ အဲ့ဒီမိသာစုတွေရဲ့ကိုယ်စားစိုးရိမ်တယ်။
နောက်ထပ်လူသတ်မှုတစ်ခု ထပ်ပြီးကျူးလွန်လာပြီဆိုရင်တော့ အဲဒီအချိန်မှာ တာဝန်ရှိဆုံးက ကိုတင်ဦးပဲ။ အခုအချိန်မှာ အစ်ကိုပြောသလို အဲဒီရွာကြီးကို မီးလောင်တိုက်လည်းသွင်းနိုင်တယ်။ ကိုတင်ဦးက ဒါဆိုရင်ပြည်သူ့ အိုးအိမ်စည်းစိမ်တွေကို သတ်ဖို့ဖြတ်ဖို့ တစ်ဖက်တစ်လမ်းက ခွင့်ပြုထားတယ်လို့ ကျွန်တော်သတ်မှတ်တယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

