ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၇ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒီလအတွင်း လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။
TNLA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီသီတင်းပတ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပြီး အရပ်သားနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။
ဒီနေ့မနက်အစောပိုင်း နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်ဟာ Y-12 လေယာဉ်နဲ့ သီပေါမြို့ပေါ်ကို ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ သီပေါမြို့ အုတ်ကျင်းရပ်ကွက်က လူနေအိမ်တွေထိမှန်ခဲ့ကာ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် အဲဒီပစ်ခတ်မှုတွေကြောင့် အုတ်ကျင်းရပ်ကွက်က အခြေခံပညာအထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းတို့လည်း ဗုံးထိမှန်ပေါက်ကွဲခဲ့ကာ နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အခုလ ၂၄ ရက်က သီပေါမြို့ပေါ်က ရွှေကျောင်းရပ်ကွက်ကို လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၆၀ ကျော်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခုလ ၁၈ ရက်ကလည်း သီပေါမြို့ ခလရ- ၂၃ အနီးမှာရှိတဲ့ လူနေရပ်ကွက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး ဗုံးစထိမှန်ကာသေဆုံးခဲ့ပြီး အဲဒီ ရပ်ကွက်ထဲမှာရှိတဲ့ ဆီသိုလှောင်ကန်လည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ထားချက်အရ အခုလ ၁ ရက်ကနေ ဒီနေ့ထိ သီပေါမြို့အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု ၂၁ ဦးထိရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၆၀ ဦးနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
သီပေါမြို့နယ်က စစ်ကောင်စီရဲ့တပ်ရင်းတွေဖြစ်တဲ့ ခလရ- ၂၃၊ ခမရ-၅၀၃၊ ခမရ ၅၀၄ တပ်တွေအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ လက်ရှိအချိန်ထိဆက်ဖြစ်နေပေမယ့် သီပေါမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေ မြို့အဝင်အထွက်လမ်းကြောင်းတွေကိုတော့ TNLA က ထိန်းချုပ်ထားနိုင်တာပါ။
သီပေါမြို့ပေါ်မှာ အခုလ ၁၀ ရက်ကစပြီး TNLA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့ပြီး သီပေါမြို့ပေါ်က ဒေသခံအများစုကလည်း မြို့အနီးက တိုက်ပွဲလွတ်ရာကျေးရွာတွေနဲ့ တောင်ကြီး၊ မန္တလေးမြို့တွေကို ရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတာပါ။
သီပေါစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးကတော့ “မြို့မှာတော့ အဓိကတော့ စားသောက်ကုန်ဝယ်မရတာ။ ဆန်၊ ဆီ ရှားပါးနေတယ်။ ပိုက်ဆံရှိရင်တောင်ဘယ်မှ သွားလို့လာလို့မရတော့ဘူး” လို့ ပြောပါတယ်။
အခုလ ၁၀ ရက်မှာ TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ သီပေါမြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို ဝင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဟာ သီပေါမြို့ကနေ ဆုတ်ခွာသွားကာ မြို့ပြင်မှာရှိတဲ့ ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းကို ဆုတ်ခွာသွားတာပါ။
လက်ရှိမှာ အဲဒီတပ်ရင်းတွေနေရာတွေမှာ တိုက်ပွဲဆက်လက်ဖြစ်နေပြီး TNLA က သီပေါမြို့ကိုလည်း ညမထွက်ရ အမိန့်နဲ့ လေကြောင်းသတိပေးချက်တွေထုတ်ပြန်ထားပြီး မြို့ကိုထိန်းချုပ်ထားတာပါ။
TNLA အနေနဲ့ အခုနှစ်ဇွန်လပိုင်းမှာ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးကို မဟာမိတ်တွေနဲ့ ပူးပေါင်းဖော်ဆောင်နေပြီး အဲဒီကာလအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို သိမ်းယူထားပြီး ရှမ်းမြောက်မှာ နောက်ဆုံးကျန်နေတဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
ပုံစာ- ဒီမနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ သီပေါမြို့ပေါ်က စာသင်ကျောင်း
ဓာတ်ပုံ – TNLA

