ရန်ကုန်- ၂၀၂၅ ဇွန် ၂၅ (မော်ကွန်း)
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ဖွဲ့တွေနဲ့ မဟာမိတ်ကရင်တပ်တွေဟာ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းက စစ်ကောင်စီစခန်းကိုးခုကို ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းကို သုတ်သင်ခဲ့ကာ သုံးဦးအရှင်ဖမ်းမိခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်တွေအတွင်းက စစ်ကောင်စီစခန်း ကိုးခုကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)၊ စစ်ဆင်ရေးနယ်မြေ (၂)ကွပ်ကဲမှုအောက်က တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကနေ လက်နက်ကြီး၊ လက်နက်ငယ်အစုံ (၁၆)လက်နဲ့ ခဲယမ်း၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်းနဲ့ တောကျီးကန်းတပ်ရင်း တို့ပူးပေါင်းတိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်-ပြည်ကားလမ်းဘေးကရွာတွေနဲ့ ကားလမ်းနဲ့ ပဲခူးရိုးမတောင်တန်းကြားကရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် ပဲခူးအနောက်ခြမ်းမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ဒီရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

ပုံစာ- ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲအတွင်း NUG ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများ။
ဓါတ်ပုံ_NUG

