စစ်တွေ-၂၀၂၄ သြဂုတ် ၁၉ ( မော်ကွန်း)
အာရက္ခတပ်တော်(AA)နဲ့ ဆက်သွယ်တယ်လို့စွပ်စွဲပြီး မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၁၇(၁) နဲ့ စစ်ကောင်စီက အမှုဖွင့်ဖမ်းထားတဲ့ ရာနဲ့ချီတဲ့စစ်တွေဒေသခံတွေဟာ သူ့တို့အမှုအတွက် ခုခံကာကွယ်ပေးမယ့် ရှေ့နေမရှိဘဲ အမှုရင်ဆိုင်နေရတယ်လို့ မိသားစုဝင်တချို့ကပြောပါတယ်။
သူတို့ဟာ စစ်တွေမြို့ပေါ်နဲ့ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာက ဒေသခံတွေဖြစ်ကြပါတယ်။
” ရုံးချိန်းကတော့ သုံးကြိမ်လောက်ထုတ်ပြီးပြီ။ အမှုလိုက်ပေးမယ့် ရှေ့နေလည်း မရှိဘူး။ ရှေ့နေတွေကလည်း ပြည်မဘက်ကို ပြေးသူပြေး ၊ ကျန်တဲ့ရှေ့နေတွေကလည်း နယ်ဘက်မှာ ရှောင်နေကြတော့ စစ်တွေအထိလာပြီး အမှုမလိုက်ရဲကြတော့ဘူး။ ပြီးခဲ့တဲ့အပတ်ရုံးချိန်းကဆို ရုံးထုတ်ပြီးတော့ ဘာမှမယ်မယ်ရရ မစစ်ဘူး။ သူတို့(စစ်ကောင်စီ) စိတ်ကြိုက်လုပ်နေတာဆိုတော့ ထောင်ကျဖို့က ရာနှုန်းပြည့်သေချာနေပြီ ” လို့ ဗျိုင်းဖြူကျေးရွာက ဖမ်းဆီးခံရသူတစ်ဦးရဲ့ တူမဖြစ်သူက ပြောပါတယ်။
သူ့ဦးလေးနဲ့အတူ အခုလို လူပေါင်းများစွာကို ဖမ်းဆီးတရားစွဲထားတာဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်ပြီး ပြန်လှန်ချေပပေးမယ့်ရှေ့နေမရှိဘဲ ရုံးထုတ်စစ်ဆေးနေတာဟာ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးကို ချိုးဖောက်ခံရတာလို့ သူကဆက်ပြောပါတယ်။
ဗျိုင်းဖြူရွာထဲကို မေလ ၂၉ မှာ စစ်ကောင်စီတပ်နဲ့အတူ သူတို့နဲ့ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က တပ်သားတစ်ချို့ဝင်လာပြီး ထောင်နဲ့ချီတဲ့ ရွာသားတွေကို ဖမ်းဆီး စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ရွာသား ၇၆ ဦး ပစ်သတ်ခံခဲ့ရကာ ၃၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ ဖမ်းဆီးသွားသူတွေထဲက တစ်ချို့ကို လာဘ်ငွေကြေးယူကာ ပြန်လွှတ်ပေးခဲ့ပေမယ့် ၂၀၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုနဲ့ စစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
” အချုပ်ထဲကနေ ဘယ်မှလည်းပြေးလို့မရဘဲ တိုက်ပွဲကြားညပ်ပါသွားမှာကို စိုးရိမ်တယ်။ ပိုဆိုးတာက မြောက်ဦး တိုက်ပွဲတုန်းက စစ်ကောင်စီက သူတို့တပ်ရင်းမှာ ဖမ်းထားတဲ့အချုပ်သားတွေကို သတ်ပစ်လိုက်တဲ့ ဖြစ်စဉ်လည်းရှိဖူးတော့ ပိုပြီးစိုးရိမ်စိတ်တွေ ဖြစ်နေရတယ်။ မိသားစုတွေကလည်း အကုန်လုံးတစ်ကွဲတပြားစီပြေးနေရတော့ ဘာမှလည်းလုပ်ပေးနိုင်မှာ မဟုတ်ဘူး” လို့ အဖမ်းခံထားရတဲ့ ဗျိုင်းဖြူရွာသားနောက်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ ဗျိုင်းဖြူရွာမှာ စစ်ကောင်စီက တပ်စွဲထားဆဲဖြစ်ပြီး ရွာသားတွေကတော့ ဘေးလွတ်ရာနေရာအသီးသီးမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။
” ထိန်းချုပ်နယ်မြေဆီ ပြေးနိုင်လိုက်တဲ့ သူတွေရှိသလို ရွာကနေ ထွက်ပေါက်မရလိုက်တဲ့ သူတွေလည်းရှိခဲ့တယ်။ ရွာမှာပိတ်မိကျန်ခဲ့တဲ့လူတချို့ကို စစ်တပ်က စစ်တွေမြို့ထဲကို ဆွဲသွင်းလိုက်တော့ အကုန်ပိတ်မိပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်။ ရွာကိုပြန်ပြီး ပစ္စည်းတွေယူဖို့ကလည်း စစ်သားတွေရှိတော့ သွားလို့မရဘူး။ သတင်းတွေကြားမိသလောက် ရွာထဲမှာ သူခိုးခိုးခံရလို့ ဘာပစ္စည်းမှတောင်မကျန်တော့ဘူးလို့ ကြားတယ်” လို့ နောက်ထပ် ဗျိုင်းဖြူရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဇူလိုင် ၁၆ ရက်ကလည်း စစ်တွေမြို့၊ မင်းဂံအရပ် အကွက်အမှတ် ၅၊ ၈၊ ၉ နဲ့ ၁၀ က ဒေသခံ ၂၀၀ နီးပါးကို သူတို့ နေအိမ်တွေမှာပဲ ဝင်ဖမ်းဆီးခဲ့ကာ အဲဒီအထဲက လူ ၅၀ ကျော်ကို မတရားအသင်းဆက်သွယ်ရေးဥပဒေနဲ့ဖမ်းထားသလို ကျန်တဲ့ ၁၀၀ ကျော်ဟာ အခုထိ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို စစ်တွေမြို့ကစစ်တပ်တပ်ရင်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတစ်ချို့က ပြောပြီး စစ်ရေး အခြေအနေအရ AA စစ်တွေမြို့ကို အချိန်မရွေး ထိုးစစ်ဆင်လာနိုင်တဲ့အတွက် နှစ်ဖက်တိုက်ပွဲကြားတွင် ညပ်ပါသွားမှာကို စိုးရိမ်တယ်လို့လည်း မိသားစုဝင်တစ်ချို့က ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ပတ်လည်မှာ မိုင်းတွေထောင်ထားသလို ကျန်နေသေးတဲ့ မြို့ခံတွေကို လည်း စစ်ရှောင်ခွင့်မပေးတော့ဘဲ လူသားဒိုင်းကာသဖွယ် ပြုလုပ်ထားတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
ဒါအပြင် ပင်လယ်ပြင်ဘက်က ဝင်ရောက်လာနိုင်တဲ့ AA တပ်တွေကို တားဆီးနိုင်ဖို့ နာမည်ကျော် စစ်တွေကမ်းနားလမ်းတစ်လျှောက်ကို သံဆူးကြိုးခြံစည်းရိုးတွေခတ်ကာ စစ်တွေမြို့မှာ ခံစစ်ကို အသေအချာပြင်ဆင်ထားတယ်လို့ မြို့ခံတစ်ချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာမှာစတင်ခဲ့တဲ့ တစ်ကျော့ပြန် ရခိုင်တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အားလုံး လောက်ကို AA က ထိန်းချုပ်သိမ်းဆည်းခဲ့သလို မြို့တော်စစ်တွေကိုလည်း ဝိုင်းပတ် ပိတ်ဆို့ထားတာကို စစ်ကောင်စီကြုံနေရတာ ဖြစ်ပါတယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

