မုံရွာ – ၂၀၂၄ ဩဂုတ် (မော်ကွန်း)
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆန်ကုန်တင်သွားလာတဲ့စက်လှေနဲ့ သင်္ဘောတွေကို တားဆီးပြီး ငွေတောင်းတဲ့ဂိတ်ပေါင်း ခြောက်ဆယ်ဝန်းကျင်ရှိလာပြီး လမ်းကြောမကြာခဏပိတ်ဆို့ခံနေရလို ဟုမ္မလင်းဒေသမှစားသုံးသူများ ကုန်ဈေးနှုန်းအဆမတန်ပေးဝယ်နေရတယ်လို ဒေသခံတွေကပြောပါတယ်။
ချင်းတွင်းမြစ်ဘေးဝဲယာရှိ မြိုနယ်များအတွင်း နေထိုင်ကြသူအားလုံးနီးပါးရဲ့လိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ လောင်စာဆီသယ်ယူရေးအတွက် ချစ်တွင်းမြစ်ကြောင်း တစ်ခုတည်းကိုသာ မှီခိုအားထားနေရတာဖြစ်ပါတယ်။
မုံရွာကနေ ခန္တီးကို ရေလမ်းကနေသွားလျှင် ရေမိုင် ၆၉၁ မိုင်ရှိပြီး မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဘုတလင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ရွှေပြည်မြင့်၊ ဟုမ္မလင်းနဲ့ ခန္တီး စတဲ့မြိုနယ်ပေါင်း ၁၂ မြိုနယ်ကို ချင်းတွင်းမြစ်က ဖြတ်သန်းစီးဆင်းပါတယ်။
ဟိုအရင် အရပ်သားအစိုးရလက်ထက်က ရစကလိုခေါ်တဲ့ ရေယာဉ်စည်းကမ်းထိမ်းသိမ်းကြီးကြပ်မှု ကော်မတီ အဖွဲလိုမျိုးကိုသာ ပေးသင့်ပေးထိုက်တဲ့ အခွန်အခပေးပြီးသွားရတဲ့ ကုန်တင်အမြန်ရေယာဉ်နဲ့ လူစီး အမြန်ရေယာဉ်တွေဟာ အခုတော့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို ပေးကမ်းပြီးမှ လိုရာခရီးကို သွားလို့ရတော့တယ်လို့ ကုန်တင်အမြန်ရေယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ချိန်ကစလို့ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ခြောက်လလောက်ထိ ရေယာဉ်ပိုင်ရှင်အားလုံးနီးပါး ကုန်စည်ပို့ဆောင်ရေးရပ်နားထားခဲ့ကြရတယ်လို့ ၎င်းကဆိုပါတယ်။ နောက်ပိုင်းမှာတော့ ငွေတိုးယူထားရတဲ့ ရေယာဉ်ပိုင်ရှင်အချို့က တောင့်မခံနိုင်တော့ဘဲ ပြန်လည်စတင်ပြေးဆွဲခဲ့ကြတာပါ။
” အဲဒီအချိန်မှာ လက်နက်ကိုင်(PDF)ကလေးတွေ စပေါ်နေပြီ။ ရေယာဉ်ပိုင်ရှင်တော်တော်များများကလည်း သူတို့တွေရှိတဲ့ မြစ်ကြောင်းတစ်လျှောက်ရွာတွေကများတော့ အစပြေးပြေးခြင်း အဆင်ပြေကြပါတယ်” လို အဆိုပါ ရေယာဉ်မောင်းက ပြောပါတယ်။
“သူတိုလေးတွေလိုတဲ့ ဆန်၊ ဆီတို့ ဟင်းချက်စရာတို့ကို ရေယာဉ်တော်တော်များများက ကြည်ကြည်ဖြူဖြူကို ပေးကြတာ။ ကိုယ်တွေအထင်က သိပ်မကြာခင် ဒီတော်လှန်ရေးကြီးပြီးမယ်ပေါ့၊ အဲဒီတော့ အထက်ကနေ ရေယာဉ်ပြန်အစုံမှာ သူတို့မှာတာလေးတွေ အဆန်ကျ ဝယ်သွားပေးတာတွေရှိကြတယ်။ ရေယာဉ်ပိုင်ရှင်တွေနဲ့ ကလေးတွေက တစ်ဒေသတည်းဆိုတော့ ပြောစရာမလိုဘူးလေ” ဟုသူက ဆက်ပြောပါတယ်။
နောက်ပိုင်း လက်နက်ကိုင်သက်တန်းရင့်လာတဲ့အခါ ငွေတောင်းပုံတောင်းနည်းတွေလည်းပြောင်းလဲသွားပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တားဆီးစစ်ဆေးကာ ငွေတောင်းတဲ့ဂိတ်တွေလည်း များလာတယ်လို့ဆိုပါတယ်။
ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ မြို့တွေကို စစ်ကောင်စီတပ်ကထိန်းချုပ်ထားပြီး မြို့နယ်တွေထဲက ရွာတွေအားလုံးကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတယ်လို့ ဆိုပါတယ်။
ပျူစောထီးအားကောင်းတဲ့ရွာ အချို့၊ ဥပမာ မင်းကင်းမြိုနယ်က ပန်းဆက်ရွာလိုမျိုးဆိုရင် ပျူစောထီတွေက ဂိတ်ထိုင်ပြီး ငွေကောက်တယ်လို့ စက်လှေမောင်းသူတွေကပြောကြပါတယ်။
“နှစ်ဘက် ဂိတ်အရေအတွက်ကတော့ ဟိုဘက် ဒီဘက် တစ်ဝက်စီလောက်ပါပဲ။ ခြောက်ဆယ်ရှိရင် ဟိုဘက် သုံးဆယ်၊ ဒီဘက် သုံးဆယ်ဝန်းကျင်စီလောက်ပါပဲ” လို့ ကုန်တင်အမြန်ရေယာဉ်မောင်းက ပြောပါတယ်။
မြို့ပေါ်ဂိတ်တွေမှာ စစ်ကောင်စီတပ်၊ ရဲဂိတ်နဲ့ ပျူစောထီးဂိတ်တွေရှိပြီး မြို့ဧရိယာမဟုတ်တဲ့ နယ်ဘက်တွေမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေရှိတာကြောင့် “မြစ်ကို ဝက်သိုးချုပ် ချုပ်ပြီးသွားနေရတာ” လို့ ၎င်းရေယာဉ်မောင်းက ခိုင်းနှိုင်းပြတယ်။
ဝက်သိုးချုပ်ဆိုတာက ဟိုတုန်းက ဆန်အိတ်၊ စပါးအိတ်ချုပ်သလို ဟိုဖက်ကမ်းကပ်လိုက်၊ ဒီဖက်ကမ်းကိုကပ်လိုက်နဲ့ မြစ်ကြောင်းတစ်လျှောက် ဂိတ်ရှိတဲ့နေရာမှန်သမျှကို ကမ်းကပ်ပြီးသွားလာနေရတာကို ဆိုလိုတာပါ။
“စစ်တပ်၊ ရဲဂိတ်နဲ့ ပျူစောထီးဂိတ်တွေကတော့ သူတိုထုံးစံအတိုင်း တောင်းသလောက်မပေးရင် ဆက်မသွားနဲ့၊ ရောက်တဲ့နေရာမှာရပ်ထား၊ အဲဒါ သူတိုရဲ့ ပုံစံအမှန်ပဲ” လို့ ကုန်တင်အမြန်ရေယာဉ်မောင်းကဆိုပြန်ပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း နောက်ပိုင်းမှာ အဆင်ပြေသလောက်ပုံစံမျိုးမဟုတ်တော့ဘဲ ဒီဇယ်လိုမျိုးကုန်စည်ဆိုရင် စစ်တပ်၊ ရဲ့နဲ့ပျူစောထီးတွေတောင်းသလို တစ်ပေပါကို ကျပ်တစ်သောင်းကနေ တစ်သိန်းအထိ တောင်းတဲ့ဂိတ်တွေရှိလာတယ်လို့ ရေယာဉ်မောင်းတွေကဆိုပါတယ်။
အရင်က သဒ္ဓါကြေးလိုသာပေးရပေမယ့် နောက်ပိုင်းကျတော့ အလုံးရေအလိုက်ကောက်ခံလာတာလို့ ကုန်တင်အမြန်ရေယာဉ်မောင်းကအခုလိုပြောတယ်။
“တစ်ပေပါကို သုံးထောင်လို့သတ်မှတ်လိုက်ရင် အလုံးနှစ်ရာပါရင် ခြောက်သိန်းပေးရတယ်။ ကြာတော့ သူတို့လုပ်ရပ်က စီးပွားရေးလုပ်နေတဲ့ပုံစံဖြစ်လာတော့ တစ်ဒေသတည်းသားခြင်းတွေတောင် မသထာဘဲ ငြိုငြင်လာကြတယ်”
မုံရွာကနေ ဟုမ္မလင်းကို ကုန်တင်အမြန်မော်တော်တစ်စီး ကုန်အပြည့်နဲ့ရောက်ဖို့ဆိုရင် လမ်းခရီးတစ်လျှောက် ဂိတ်ပေါင်းစုံကိုပေးရတဲ့ငွေကြေးဟာ တစ်စီးကို စုစုပေါင်း ကျပ်သိန်းတစ်ရာဝန်းကျင်လောက် ပေးကမ်းသွားမှ ရောက်ရှိတယ်လို သူကဆိုပါတယ်။
ရေယာဉ် အကြီး၊ အသေးပေါ်မူတည်ပြီး ပေးရကမ်းရတဲ့ငွေကြေးလည်းမတူညီဘူးလို့ ဆိုပါတယ်။
နောက်တစ်ချက်က ဟုမ္မလင်းမြို့နယ် တစ်ကြောမှာရှိတဲ့ ဥရုချောင်းထဲက ရွှေမျောတွေဆီကို ဒီဇယ်နဲ့ စားသောက်ကုန် မရောက်စေချင်လို့ တားမြစ်ကုန်အဖြစ် သတ်မှတ်ထားတယ်လို စုံစမ်းသိရပါတယ်။
ဥတုချောင်းအတွင်းက ရွှေမျောလုပ်ကိုင်နေသူတစ်ဦးကတော့ “ကျွန်တော်တို့က စီးပွားရေးသမားဆိုတော့ ရွှေထွက်တဲ့နေရာလိုက်ပြီးမှရွှေရှာရတာဆိုတော့ ကိုယ်အဆင်ပြေဖို့အတွက် လာတောင်းတဲ့အဖွဲကို ပေးလိုက်တာပါပဲ” လို့ဆိုပါတယ်။
အဲဒီ့ဒေသမှာ SNA ခေါ် ရှမ်းနီ အမျိုးသားတပ်မတော်၊ ရဲ၊ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေကို အဆင့်ဆင့်ဆတ်ကြေးပေးရတာပါ။
“ကျွန်တော်တို့က သူတို့ထိန်းချုပ်နယ်မြေမှာ လုပ်စားနေရတာလေ။ ဒါကို ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အမြင်ကျတော့ ကျွန်တော်တို့လို မျောသမားဆိုတာ စစ်တပ်နဲ့ SNA ကို ထောက်ပံ့နေတဲ့ အဓိက ဒေါက်တိုင်လို မြင်ကြတယ်။ အဲဒါကြောင့် ကျွတော်တိုနေတဲ့ ဟုမ္မလင်းမြိုနယ်ထဲကို စားသောက်ကုန်နဲ့ လောင်စာဆီ ဝင်မလာရေး ဖြတ်လေးဖြတ်ပုံစံ လုပ်နေပုံရတယ်” လို့ ရွှေမျောလုပ်ကိုင်နေသူက သူ့အမြင်ကို ပြောဆိုပါတယ်။
မုံရွာမှာ ဒီဇယ်တစ်ပေပါကို ကျပ်ခြောက်သိန်းဝန်းကျင်ရှိနေချိန်မှာ ဟုမ္မလင်းမြိုနယ်ထဲရောက်ရင် ကျပ်သိန်းနှစ်ဆယ်လောက်ပေးပြီး ဝယ်နေရတယ်လို ရွှေမျောမောင်းတဲ့ ပေါ်လိန်(သူဌေး)တစ်ဦးက ပြောပါတယ်။
စားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီ ၁၀ ပိဿာဝင်တစ်ပုံး မုံရွာမှာ ကျပ်တစ်သိန်းကျော်ပဲရှိချိန်မှာ ဟုမ္မလင်းနယ်ထဲရောက်သွားရင် ကျပ်သုံးသိန်းနီးပါးပေးဝယ်နေရတယ်လို သူက ဆက်ပြောပါတယ်။
ဆန်နဲ့ မုံရွာနယ်က အခြားပိုကုန်တွေလည်း ဒီအတိုင်းပါပဲ၊ မုံရွာမှာ ပေါက်တဲ့ ပေါက်ဈေးရဲ့ သုံးဆလောက်ပေးဝယ်နေရတာပါလို့ ဆိုပြန်ပါတယ်။
“ကုန်တင်အမြန် ရေယာဥ်သမားတွေကလည်း လမ်းကြော ပိတ်တဲ့အချိန်ကများတော့ တစ်ရာသီကို တစ်ခေါက်လောက်ပဲ အရောက်သွားနိုင်တယ်။ လမ်းကြောက ဘာကြောင့် အဲဒီလောက်ပိတ်လည်းဆို စစ်တပ်ရဲ့ ရေကြောင်းယာဉ်တန်း အထက်ဆန်တက်နေချိန်ဆို အခြားဘယ်ရေယာဉ်မှ မောင်းခွင့်မပေးခဲ့တာရှိသလို တိုက်ပွဲအခြေအနေကြောင့် PDF တွေဘက်က ပိတ်တာလည်း ရှိတယ်။ အခုလဆို လမ်းကြောင်းပိတ်ထားလို ဖောင်းပြင်အောက်နားမှာ ရေယာဉ် အစီးရာချီ ကမ်းကပ်ရပ်ထားရတယ်” လို့ ရေယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းသွား ကုန်အမြန်ရေယာဉ်အစီးရေပေါင်း လေးထောင်ကျော်ရှိပြီး ဒေသတွင်းမောင်းနှင်ခွင့် လိုင်စင်လိုခေါ်တဲ့ လိုင်စင်သေး အစီးရေ သုံးထောင်ဝန်းကျင်ရှိသလို ပြည်တွင်းမြစ်ကြောင်းသွား လိုင်စင်နဲ့ ချင်းတွင်းမြစ်မှာ ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ် အစီးရေ တစ်ထောင်ဝန်းကျင်ခန့်ရှိတယ်လို အဆိုပါ ကော်မတီဝင်ကပြောပါတယ်။
ပုံစာ – လက်ပံတောင်းတောင်နောက်ခံဖြင့်မြင်တွေ့ရသည့် ချင်းတွင်းမြစ်သွား လူစီးနှင့်ကုန်တင်အမြန်ရေယာဉ်များ
Photo – Mawkun
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

