ဒူးပလာယာ – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းဟာ ကော်သူးလေအာမီ(KTLA) လက်အောက်ကနေ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်းအဖြစ် ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကြေညာပါတယ်။
တပ်မဟာ (၆) တခွင်တိုက်ပွဲတွေမှာ ဗိုလ်အယ်စေးဝါးရဲ့ Lion Battalion ဟာ တိုက်ပွဲတွေကို ပါဝင်တိုက်ခိုက်ခဲ့ပြီး သူကိုယ်တိုင်လည်း လက်တစ်ဘက်ဆုံးရှုံးထားပါတယ်။
Lion Battalion ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ KNU/KNLA ရဲ့ စည်းမျဉ်း၊ စည်းကမ်းဥပဒေတွေနဲ့အညီ အာဏာရှင်စနစ်ကျရှုံးရေးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်းဖြစ်ကြောင်း ပြည်သူတွေကို အသိပေးတာလို့ ဆိုထားပါတယ်။
ဗိုလ်အယ်စေးဝါးဟာ ယခင်က KNDO အကြီးအကဲဟောင်း၊ ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့အတူ ကေအဲန်ယူလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း၊ KNDO တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်နယ်ဒါးမြကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကေအဲန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဗိုလ်မြရဲ့သားအကြီးဖြစ်ပြီး သားအငယ်ဖြစ်သူ KNU/KNLA – PC စစ်ရေးချုပ် စောနေစိုးမြကတော့ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
၂၀၂၁၊ မေလက မြဝတီ၊ အူးဟူချောင်းတံတားတိုက်ပွဲမှာ KNDO က ဖမ်းမိခဲ့တဲ့ သုံ့ပန်း ၄၇ ဦးထဲက ၂၅ ဦး အသတ်ခံရမှုနဲ့ပတ်သတ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်နေတာကြောင့် KNDO ဗိုလ်မှူးချုပ်နယ်ဒါးမြကို ကေအဲန်ယူဗဟိုက တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ရာကနေ လက်မခံဘဲ ခွဲထွက်ခဲ့ကြပြီး ၂၀၂၂ ဇူလိုင်မှာ ကော်သူးလေအာမီ(KTLA) ဖြစ်လာခဲ့ပါတယ်။
KNU/KNDO ကနေ ခွဲထွက်ပြီး ဗိုလ်မှူးချုပ်နယ်ဒါးမြရဲ့ ကော်သူးလေအာမီ(KTLA)ကို ပူးပေါင်းလာတဲ့အထဲမှာ ဗိုလ်စလုံးဦးဆောင်တဲ့ အဖွဲ့၊ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်စောကော်လာဖိုးဦးဆောင်တဲ့ တပ်ဖွဲ့တွေပါဝင်ပါတယ်။
ဗိုလ်မှူးချုပ်နယ်ဒါးမြကတော့ အခုနောက်ဆုံး ကော်သူးလေအစိုးရကို တည်ထောင်လိုက်ပြီး သူကိုယ်တိုင် သမ္မတအဖြစ်ခံယူထားတယ်လို့ ထုတ်ပြန်ပါတယ်။
ပုံစာ – ဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion စစ်ကြောင်း
ဓါတ်ပုံ – Lion Battalion

