ရန်ကုန် – ၂၀၂၄ ဩဂုတ် ၆ (မော်ကွန်း)
ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အရှေ့ပိုင်းက ကျေးရွာတွေမှာ အခုရက်ပိုင်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်နေတာကြောင့် ဒေသခံတွေ တစ်ကျော့ပြန် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ လွယ်ထွယ်၊ လွယ်သောင် အစရှိတဲ့ကျေးရွာတွေမှာ မနေ့ကစပြီးတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့နဲ့ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ အနီးတစ်ဝိုက်က ကျေးရွာ လေးရွာထက်မနည်းက ဒေသခံတွေ ရာနဲ့ချီကာ တောတောင်တွေနဲ့ စစ်ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတာပါ။
“အခုပြေးနေရတဲ့ရွာတွေ အရင်ကလည်း စစ်ရှောင်ထားရတဲ့ရွာတွေ၊ အခုသူတို့ပြန်နေတာ သိပ်မကြာသေးဘူး။ ပြန်ပြေးရပြန်တာ” လို့ အဲဒီအခြေအနေကိုသိတဲ့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ PNLA တပ်အကြား တိုက်ပွဲတွေပြန်ဖြစ်လာတာကြောင့် ဆီဆိုင်မြို့ပေါ်က ဒေသခံတချို့လည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး စတဲ့မြို့နယ်တွေမှာ ယခုနှစ် ဇန်နဝါရီလပိုင်းတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့ကာ ဆီဆိုင်မြို့ကိုလည်း PNLA တပ်တွေ သိမ်းယူခဲ့ပြီး ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်ခဲ့ရပါတယ်။
မေလဆန်းပိုင်းမှာတော့ စစ်ကောင်စီဟာ အဲဒီဒေသကို ပြန်လည်ထိုးစစ်ဆင်ကာ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး ဒေသခံတချို့လည်း ပြန်လည်နေထိုင်နေကြတာပါ။
ပုံစာ – ထွက်ပြေးနေရတဲ့ ဆီဆိုင်ဒေသခံများ
ဓာတ်ပုံ – Voice Of Pin Laung

