စစ်အတွင်း ခရီးသွားခြင်း

စစ်အတွင်း ခရီးသွားခြင်း

မုံရွာ – ၂၀၂၄ ဩဂုတ် (မော်ကွန်း)

အာဏာသိမ်းတဲ့နှစ်က သင်္ကြန်မှာတစ်ခါပြန်ပြီးကတည်းက ဇာတိချက်ကြွေဇေယျာရွှေမြေကို မပြန်ဖြစ်ခဲ့တာကြာပြီ။ အာဏာသိမ်းမှုကို တွန်းလှန်ခုခံမှုအားကောင်းလွန်းရာ စစ်ကိုင်းတိုင်းဟာ စစ်အုပ်စုရဲ့ဖြိုဖျက်မှုအောက်မှာ မွစာကျဲအောင်မြေလှန်ခံနေရပေမယ့် အခုအချိန် အထိလည်း အားကောင်းဆဲ။ သောင်းနဲ့ချီတဲ့နေအိမ်တွေ၊ ထောင်နဲ့ချီတဲ့လူ့အသက်တွေကို စစ်အုပ်စုက ပြာချနှုတ်ယူထားပေမယ့် ဦးခေါင်းတွေမညွှတ်ကြ။ ဒီအတွက် ဇေယျာရွှေမြေသားဖြစ်ရတာကိုက ကိုယ့်အတွက်ဂုဏ်ယူစရာတစ်ခုလို အားဖြစ်နေရတာပေါ့။

ဒီလိုနဲ့ သုံးနှစ်ကျော် အိမ်နဲ့ကင်းကွာနေတဲ့ကျွန်တော်ဟာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ မုံရွာကို မပြန်လို့မဖြစ်အောင်ဖန်လာတဲ့အခါ စိုးထိတ်စွာနဲ့ အိမ်ပြန်ခရီးကိုစတင်ခဲ့ရတယ်။

ဇူလိုင်ပထမအပတ်သောကြာနေ့မှာ ရန်ကုန်-မုံရွာပြေးဆွဲတဲ့ မိုးကောင်းကင်ယာဉ်လိုင်းနဲ့ အိမ်ပြန်ခရီးကိုစတင်ခဲ့ပါတယ်။ ဒီနှစ်တွေအတွင်း အွန်လိုင်းနဲ့ လေလှိုင်းပေါ်ကဆက်သွယ်မှုကလွဲရင် မိသားစုနဲ့လက်ဆုံထမင်းမစားရတာက ကြာခဲ့ပြီလေ။ အန္တရာယ်များတဲ့ အိမ်ပြန်ခရီးဖြစ်ပေမယ့် မွေးချင်းညီဘွားမိသားစုတွေနဲ့ ပြန်ဆုံရတော့မယ်ဆိုတဲ့စိတ်ကြောင့် မိုင်လေးရာကျော်ခရီးလမ်းကို တစ်ညလုံးကားစီးလာရပေမယ့် အိပ်တစ်ဝက်၊ နိုးတစ်ဝက်။

အိမ်ကိုပြန်လာနေကြောင်း ကားပေါ်ကနေလှမ်းအသိပေးတော့ စစ်ကိုင်းတံတားကနေစလို့ မုံရွာအထိ ဘုရားစာသာတတွတ်တွတ်ရွတ်နေဖို့ မိသားစုကမှာတဲ့အခါ အန္တရာယ်ကင်းတဲ့ခရီးစဉ်ဖြစ်ပါစေကြောင်း စိတ်ထဲကနေ ကြိတ်ပြီးဆုတောင်းမိသေးတယ်။

သတင်းတွေမှာ မကြာခဏဖတ်ရလေ့ရှိတဲ့ မုံရွာ-မန္တလေးကားလမ်းပေါ်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေက ခရီးသည်တွေကို ပစ်ခတ်မှုတွေ၊ ခရီးသည်ကားတွေကိုပစ်ခတ်လို့ ခရီးသည်တွေသေတာ၊ လူငယ်တွေကိုပေါ်တာဆွဲတာ၊ လမ်းမှာဆင်းပြီးမိုင်းရှာခိုင်းတာ စတဲ့ သတင်းတွေကြောင့် အိမ်ပြန်ခရီးဟာ ပျော်ရွှင်စရာဖြစ်ရမယ့်အစား ထိတ်လန့်စိုးရိမ်မှုတွေကို ပိုတိုးလာစေခဲ့တယ်။

ဒါပေမဲ့ ထွက်လာခဲ့ပြီးပြီမို့ တွေ့ကြုံလာတာကိုတော့ အကောင်းဆုံးရင်ဆိုင်ရတော့မှာပဲလို့ စိတ်မှာတင်းထားမိတယ်။

မှတ်ပုံတင်ထုတ်၊ ဖုန်းမကိုင်နဲ့

“ရှေ့မှာ စစ်ဆေးရေးဂိတ်ရှိပါတယ်။ ခရီးသည်များ မှတ်ပုံတင်တွေထုတ်ပြီး လက်ထဲမှာကိုင်ထားကြပါ။ ဖုန်းလုံးဝမသုံးပါနဲ့၊ ဖုန်းလုံးဝမကိုင်ပါနဲ့။ ဖုန်းကိုင်လို့ ပြဿနာဖြစ်ရင် ဘယ်လိုမှရှင်းလို့မရလို့ပါခင်ဗျာ”

ရုတ်တရက်ထွက်ပေါ်လာတဲ့ ယာဉ်အကူရဲ့အသံကြောင့် မှေးခနဲငိုက်သွားရာကနေ ဆတ်ခနဲဘေးဘီကိုဝေ့ကြည့်မိတယ်။ စီးလာတဲ့ကားဟာ စစ်ကိုင်း-မန္တလေး ဖြတ်ထိုးထားတဲ့ ဧရာဝတီမြစ်ကူးတံတား(စစ်ကိုင်း)ရဲ့ မန္တလေးဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်ဆီကို ချဉ်းကပ်ဝင်ရောက်နေတာ တွေ့လိုက်ရတယ်။

သဲအိတ်အထပ်ထပ်ကာရံထားတဲ့ ဘန်ကာတွေထဲမှာ ပစ်ခတ်ဖို့အသင့်ဖြစ်နေတဲ့အနေအထားနဲ့ စစ်ကောင်စီတပ်သားတချို့က နေရာယူထားသလို သေနတ်အသင့်ကိုင်ထားတဲ့ စစ်သားတချို့ကလည်း ကျွန်တော်စီးလားတဲ့ကားကို လှည့်ပတ်ရှာဖွေနေတာတွေ့ရတယ်။ ကားပေါ်ကိုတော့ ယူနီဖောင်းဝတ်ရဲတစ်ဦးတက်လာပြီး မှတ်ပုံတင်နဲ့လူကို သေချာတိုက်ဆိုင်စစ်ဆေးတယ်။

ခရီးသည်တွေကတော့ မှတ်ပုံတင်ကိုယ်စီကိုင်ထားရင်း တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ ငြိမ်သက်နေရပါတယ်။ ဒါတောင် မန္တလေး ဘက်ခြမ်းက စစ်ဆေးရေးဂိတ်ပဲဖြစ်ပြီး စစ်ကိုင်းဘက်ကိုကူးပြီးတဲ့နောက် ဘာတွေဘယ်လိုကြုံရဦးမလဲဆိုပြီး စိတ်ကတော့တထင့်ထင့်ပါ။

“တစ်ဖာ(ကုန်စည်ဂျပ်ဖာ)ကို ငါးထောင်တောင်းတယ်ဆရာ။ များလို့လျှော့ပါဦးပြောတာ၊ (ကား)တစ်စီးလုံးကို ဘေးချရပ်ခိုင်းပြီး ကုန်တွေအကုန်ချ စစ်လိုက်ရမလားပြောလို့ ရှစ်သောင်းပေးလိုက်ရတယ်ဆရာ”

ယာဉ်အကူဖြစ်သူက သူ့ဆရာယာဉ်မောင်းကို ဒီဂိတ်မှာငွေဘယ်လောက်ပေးရကြောင်း တင်ပြနေတဲ့အသံက ခပ်သဲ့သဲ့နားထဲကို တိုးလာပါတယ်။

ပိုက်ဆံပေးပြီးနောက် ကားပြန်ထွက်ပြီး စစ်ကိုင်းတံတားပေါ်ဖြတ်သန်းနေချိန်မှာလည်း ယာဉ်အကူက ခရီးသည်တွေကို မှတ်ပုံတင်တွေလက်မှာ ကိုင်ထားဖို့နဲ့ ဖုန်းလုံးဝ(လုံးဝ) အသုံးမပြုဖို့ ထပ်ခါထပ်ခါမှာနေပါတယ်။

စစ်ကိုင်းတံတားပေါ်ကနေ မနက်ခင်းဝေလီဝေလင်းမှာမြင်ရတဲ့ ဧရာဝတီဟာ မြစ်ရေကြီးနေလို့လားမသိ၊ ရေပြင်ကျယ်ကြီးဖြစ်နေပုံက ပင်လယ် အလား၊ အပြန့်အကားကြီးဖြစ်လို့။ ရောင်နီမလာသေးတော့ ဧရာဝတီနဲ့စစ်ကိုင်းတောင်ရိုးဟာ မှုန်ဝါးဝါးဖြစ်နေသေးပေမယ့် မကြာခင်မှာ ရောင်နီလာတဲ့အခါ သူတို့မြင်ကွင်းက တစ်မျိုးဆန်းသစ်လာမှာပေါ့။

တံတားကိုဖြတ်လို့ စစ်ကိုင်းတိုင်းဘက်အခြမ်းရောက်တာနဲ့ တံတားရဲ့ထိပ်၊ လမ်းရဲ့တစ်ဖက်ဆီမှာ အခိုင်အမာတည်ဆောက်ထားတဲ့ ဘန်ကာတွေနဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်၊ ရဲတွေစစ်တဲ့ဂိတ်၊ တံတားဖြတ်သန်းခကောက်တဲ့ဂိတ်၊ နောက်ထပ်စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် စသဖြင့် ရှေ့တန်းစစ်မြေပြင်ကို ချဉ်းကပ်ဝင်ရောက်လာရသလိုမြင်ကွင်းက စိတ်ကိုညစ်ညူးစေပါတယ်။

ယခင်ကတော့ ဒီနေရာမှာ ဘီးခွန်ကောက်တဲ့ဂိတ်တစ်ခုသာရှိပြီး မနက် ၅ နာရီဝန်းကျင်လောက်ဆို မန္တလေးဘက်ကို ဥဒဟိုကူးလူးသွားလာနေ သူတွေနဲ့ စည်ကားခဲ့တာပေါ့။ ယခုတော့ တစ်စီးစ၊ တစ်ယောက်စ ဖြတ်သန်းသွားလာနေကြသူတချို့ကလွဲရင် အရင်လိုမြင်ကွင်းမျိုးမဟုတ်တော့။

အဲဒီစစ်ကိုင်းဘက်ကဂိတ်မှာ အစစ်ဆေးခံပြီးလို့ကားထွက်လာချိန်မှာတော့ “ခရီးသည်များ ဖုန်းအသုံးပြုလို့ရပါပြီ၊ မှတ်ပုံတင်တွေတော့ အဆင်သင့်ပြင်ထားပေးပါ။ ဖြစ်နိုင်ရင်တော့ ဖုန်းမသုံးတာကောင်းပါတယ်” ဆိုပြီး ယာဉ်အကူက သတိပေးပါတယ်။

ဒီလိုနဲ့ ကားဟာ စစ်ကိုင်းမြို့မှာဆင်းမယ့် ခရီးသည်တချို့ကိုချပြီး ပြန်ထွက်လာပါတယ်။ မကြာခင်ပဲ စစ်ကိုင်းမြို့အထွက်က တိုးဂိတ်ကို ရောက်တော့မှာဖြစ်လို့ ယာဉ်အကူက ဖုန်းတွေမသုံးဖို့နဲ့ မှတ်ပုံတင်အဆင်သင့်ကိုင်ထားဖို့ ထပ်ပြောပါတယ်။ စစ်ကိုင်းတံတားဖြတ်ပြီးကတည်းက ယာဉ်အကူရဲ့ ဒီလိုသတိပေးသံက မုံရွာအထိကို မကြာခဏပေါ်ထွက်လာတော့တာပါ။

တိုးဂိတ်မှာတော့ စစ်ကောင်စီတပ်သားတစ်ဦး ကားပေါ်တက်ကြည့်စစ်ဆေးကာ ပြန်ထွက်လို့ရကြောင်း ကားဆရာကိုပြောပြီးနောက် သူတို့အတွက် ရေသန့်ဘူးတချို့နဲ့ စနိုးတာဝါ(တစ်ခါသုံး မျက်နှာသစ်ပုဝါ)တချို့ ပေးထားခဲ့ဖို့ တောင်းတာကို တွေ့ရတယ်။

“စစ်ကိုင်းအစရှိသေးတယ် ရေသန့်တစ်ဖာကုန်သွားပြီ” လို့ ကားဆရာက ကားပြန်ထွက်ချိန်မှာ ညည်းပါတယ်။

စစ်ကိုင်းမြို့ကထွက်လာတော့ မုံရွာသွားတဲ့လမ်းတစ်လျှောက်မှာ သွားလာနေတဲ့ကားတချို့နဲ့ ဒေသခံတချို့ကို စတွေ့ရပေမယ့် ကျိုးတိုးကျဲတဲသာ ဖြစ်ပါတယ်။

“အရင်က ဒီလိုစစ်ဆေးရေးဂိတ်တွေတစ်ခါမှမရှိဘူး။ အာဏာသိမ်းပြီးမှသာ တစ်လမ်းလုံး ဂိတ်တွေချည်းပဲ။ သူတို့ဟာသူတို့ ကြောက်လန့်နေကြလို့ တောက်လျှောက်စစ်နေတာ” လို့ ဘေးချင်းယှဉ်ထိုင်စီးလာတဲ့ ခရီးသည်ဦးလှမောင်က ပြောတယ်။

ကားအဲယားကွန်းကြောင့် အနွေးထည်ဝတ်၊ ခေါင်းပေါင်းလည်းပေါင်းထားတဲ့ အသက်ခြောက်ဆယ်ကျော်အရွယ်ဦးလှမောင်ဟာ ပုလဲမြို့နယ်ထဲက ကျေးလက်တောင်သူတစ်ဦးဖြစ်ပြီး မြေးဖြစ်သူ နိုင်ငံခြားသွားမှာမို့ ရန်ကုန်လေဆိပ်ကို လိုက်ပို့နှုတ်ဆက်ပြီး ပြန်လာသူဖြစ်ပါတယ်။

သူတို့ပုလဲနယ်မှာ စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုး၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် အသက်နှစ်ဆယ်အရွယ် မြေးဖြစ်သူကို စိတ်မချဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ဖို့ စေလွှတ်လိုက်တာလို့ ဦးလှမောင်က ပြောပြတယ်။

“အခုစိတ်ချရသွားပြီလေ။ ဒီနိုင်ငံမှာနေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ စစ်ထဲပါသွားရင် ရင်ကျိုးရမှာ” လို့ ဦးလှမောင်က တွေးတွေးဆဆ ပြောတယ်။

စစ်ရဲ့ခြေရာ

အလင်းရောင်လည်း အားကောင်းလာတာကြောင့် ပတ်ဝန်းကျင်မြင်ကွင်းက ရှင်းလင်းလို့လာခဲ့ပါပြီ။ စစ်ကိုင်း-မုံရွာ ကားလမ်းတစ်လျှောက် စစ်ကောင်စီဂိတ်တွေ ခပ်စိပ်စိပ်ချထားတာကိုတွေ့ရသလို မီးလောင်ထားလို့ ငုတ်သာကျန်တဲ့အိမ်တွေ၊ ရေနစ်မြုပ်နေတဲ့ စိုက်ခင်းတွေကိုလည်း ကားလမ်းဘေးတစ်လျှောက်မှာ မြင်တွေ့ခဲ့ရပါတယ်။

စစ်ဆေးရေးဂိတ်တွေကိုဖြတ်ရင်း၊ ဦးလှမောင်နဲ့စကားတွေပြောရင်းနဲ့ပဲ စီးလာတဲ့ကားဟာ မြင်းမူမြို့နယ်ထဲကို ဝင်ရောက်ခဲ့ပါပြီ။ ဒီအခါ မြို့အဝင်မှာတော့ စစ်ရဲ့ခြေရာလက်ရာတချို့ကို စတွေ့ရပါပြီ။ မိုင်းပေါက်ကွဲထားလို့ ချိုင့်ကြီး၊ချိုင့်ငယ်ဖြစ်နေတဲ့ ကျင်းတွေနဲ့ မီးလောင်ထားတဲ့ မီနီဘတ်စ်ကားတစ်စီးကို တွေ့ရသလို ကျည်ဆန်ရာတွေ၊ မီးကျွမ်းနေတဲ့အုတ်နံရံတချို့၊ ပျက်စီးနေပြီဖြစ်တဲ့မြို့အဝင်တိုးဂိတ်မှာ စစ်ကောင်စီ တပ်သားတချို့ကလည်း အဆင်သင့်။

ဒီစစ်ဆေးရေးဂိတ်က ခရီးသည်တွေကိုမစစ်ဆေးပေမယ့် ကားကိုရပ်တန့်စေပြီး ရေသန့်ဘူးနဲ့စနိုးတာဝါတွေ တောင်းယူလိုက်သေးတာကို တွေ့ရ တယ်။

အဲဒီမြို့ကထွက်လာတော့ မုံရွာ-မန္တလေးကြားက ခရီးထောက်စခန်းဖြစ်တဲ့ ညောင်ပင်ဝန်းရွာ ထမင်းဆိုင်တန်းမှာ ကားကခေတ္တရပ်ပေးပါတယ်။

တချိန်တုန်းက ခရီးသည်ကားတွေ၊ ဘုရားဖူးကားတွေနဲ့ စည်းကားသိုက်မြိုက်လှတဲ့ ညောင်ပင်ဝန်းဟာ စစ်ကာလအတွင်းသွားသုတ်သုတ်၊ လာသုတ်သုတ်အခြေအနေမှာ ဈေးဆိုင်ကျဲကျဲနဲ့ ခပ်ယဲ့ယဲ့သာ လည်ပတ်နေတော့တာကို တွေ့ရပါတယ်။

ညောင်ပင်ဝန်းက ပြန်ထွက်လာလို့ မူးမြစ်ကိုဖြတ်ထိုးထားတဲ့တံတားပေါ်က စစ်ကောင်စီဂိတ်ကိုကျော်ပြီးချိန်မှာတော့ စီးနေတဲ့ကားဟာ ပိုမိုယိမ်းထိုးလာခဲ့ပါပြီ။ ကတ္တရာလမ်းက မိုင်းဒဏ်ရာတွေကြောင့် ကျောက်ပေါက်နာလို အခွက်ကြီးတွေဖြစ်နေတော့ ယာဉ်မောင်းခမျာ ဒါကို တိမ်းရှောင်မောင်းနှင်နေရတာတွေကြောင့်ပါ။

ဒီအပိုင်းရောက်လာတော့ ကားလမ်းဝဲယာမှာ ကင်းဝပ်နေတဲ့ အားကစားဘောင်ဘီတိုနဲ့စစ်သားတွေ၊ ကားလမ်းအတိုင်း စစ်ကြောင်းချီနေတဲ့ အပေါ်ကျည်ကာ၊ အောက်ဘောင်းဘီတို၊ ခြင်းကျားကျောပိုးထားတဲ့ စစ်သားတချို့ကို ခပ်စိပ်စိပ်မြင်လာခဲ့ရတယ်။ သူတို့ပုံသဏ္ဏာန်တွေက တက်ကြွမှုမရှိ၊ လန်းဆန်းမှုမရှိ၊ နှေးကွေးလေးလံနေသလိုတောင် ခံစားရတယ်။

အဲဒီလို သွားလာနေပေမယ့် အေးအေးဆေးဆေးတော့ ချီတက်နေကြတာမျိုး မဟုတ်ပါဘူး။ မထင်ရင်မထင်သလို လမ်းသွားလမ်းလာကားတွေကို တားပြီး ရေသန့်၊ မျက်နှာသုတ်ပုဝါ၊ ပိုက်ဆံတချို့ တောင်းယူလေ့ရှိသလို သူတို့သွားလိုရာနေရာကိုလည်း ခရီးသည်တွေကြားမှာ အကာအကွယ်ယူရင်း တစ်ခါတလေ လိုက်စီးတတ်တယ်လို့ ယာဉ်နောက်လိုက်က ပြောပြပါတယ်။

လူသားတံတိုင်းလုပ်လာတဲ့ စစ်ကောင်စီ

ဒီလိုနဲ့ စီးလာတဲ့ကားက မြင်းမူကနေအထွက် ချောင်းဦးမြို့နယ်ထဲကိုဝင်လာတဲ့အခါ ငါးယှန်ရွာအနီးက စစ်ကောင်စီဂိတ်မှာ ထပ်ပြီး စစ်ဆေးခံရပြန်ပါတယ်။ အဲဒီဂိတ်မှာ စိတ်နှလုံးတုန်လှုပ်စရာ အခြေအနေနဲ့ စတင်ကြုံရတာပါ။

အဲဒီဂိတ်က စစ်သားတွေဟာ သူတို့ရဲ့ ယာဉ်တွေကို လမ်းဘေးထိုးပြီး ခရီးသည်ကားတွေကို အသုံးပြု နေရာရွှေ့ပြောင်းတာတွေ လုပ်တယ်လို့ မုံရွာ- မန္တလေးကားလိုင်းတွေကြားမှာ နာမည်ကြီးပါတယ်။

ငါးယှန်ရွာဂိတ်မှာ ကားကိုစစ်ဆေးပြီးတော့ အရာရှိဖြစ်ပုံရတဲ့စစ်သားတစ်ဦးက ယာဉ်မောင်းဖြစ်သူကို သူ့တပ်သားတချို့ကို ချောင်းဦးကိုတင်သွားဖို့ တောင်းဆိုပါတယ်။ ပြီးတာနဲ့ အားကစားဘောင်းဘီ၊ အရပ်ဝတ်အင်္ကျီအပေါ်မှာ ကျည်ကာဝတ်ထားတဲ့ စစ်သားခုနစ်ဦး ကားပေါ်ကို တက်လာခဲ့တယ်။

ခရီးသည်တွေ တစ်ဖက်တစ်ချက်မှာထားပြီး အလယ်မှာထိုင်လိုက်လာပေမယ့် သူတို့ခုနစ်ဦးဟာ ကျည်ကတ်တွေပြန်စစ်၊ သေနတ်ကိုမောင်းတင် အဆင်သင့်ပြင်ထားကြတာကိုတွေ့ရတယ်။

“ ကြားထဲမှာထိုင်။ Jammer (ဖုန်းလိုင်းဖြတ်စက်) တစ်ခါတည်း ဖွင့်ထား”

အရာရှိဖြစ်ပုံရတဲ့ အရပ်ဝတ်နဲ့စစ်သားက သူ့လူတွေကိုညွှန်ကြားလိုက်တဲ့အသံပါ။ ကားဟာ သူတို့ကိုလမ်းကြုံတင်ဆောင်လို့ တရွေ့ရွေ့နဲ့ ထွက်ခွာလာသလို ကျွန်တော်ရင်တွေလည်း တဒိတ်ဒိတ်နဲ့ခုန်လာတာကို သတိထားမိတယ်။ သူတို့တက်လာပြီးကတည်းက ယာဉ်ပေါ်ပါ ခရီးသည်တွေဟာ တိတ်ဆိတ်ငြိမ်သက်သွားကြတာကို သတိထားမိလိုက်တယ်။

ဒီလိုနဲ့ တဒိတ်ဒိတ်ခုန်နေတဲ့ရင်ဟာ ထိုစစ်အုပ်စု ချောင်းဦးအဝင်က သူတို့ဂိတ်တစ်ခုမှာ ဆင်းသွားတော့မှ ပြန်လည်ငြိမ်သက်သွားတော့တယ်။

“ငါတို့ကို အကာကွယ်ယူပြီးလိုက်လာတာ၊ မတော်လို့ ပစ်တာခတ်တာဖြစ်ရင် ငါတို့ပဲထိမှာ။ သူတို့က ခရီးသည်တွေကြားက လိုက်တာဆိုတော့ ထိမှာ မဟုတ်ဘူး”

ဦးလှမောင်က သူတို့ဆင်းသွားတဲ့အခါ ခပ်တိုးတိုးပြောတယ်။ အရင်ကတော့ “သေရဲတဲ့ကောင်ထွက်ခဲ့”ဆိုတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုချိန်မှာတော့ သေမှာကြောက်လို့ ခရီးသည်တွေကို အကာအကွယ်ယူနေတာလို့ သူကဆက်ပြောသေးတယ်။

တကယ်တော့ ငါးယှန်ရွာနားမှာ သွေးချောင်းစီးထားတာက ပူပူနွေးနွေးရယ်ပါ။ ပြီးခဲ့တဲ့ဇွန်လကုန်မနက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အဲဒီရွာနားမှာ တိုက်ပွဲဖြစ်တဲ့အခါ လမ်းသွား၊လမ်းလာကားတွေကို အကာအကွယ်ယူတဲ့ စစ်ကောင်စီတပ်ကြောင့် ခရီးသည် တစ်ဦးသေကာ၊ ၂၀ ကျော် ဒဏ်ရာရခဲ့သလို ခရီးသည်တင်ယာဉ်ရှစ်စီးလည်း ပျက်စီးခဲ့ကြတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေက ငါးယှန်တစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ စစ်ယာဉ်တန်းတွေကို မိုင်းဆွဲတာ၊ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် သူတို့ဟာ အစိမ်းရောင်ပါ သူတို့ကိုယ်ပိုင်တပ်ယာဉ်တွေကို မစီးနင်းရဲတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ လက်ရှောင်လေ့ရှိတဲ့ ခရီးသည်တင်ယာဉ်တွေကိုတားပြီး စစ်ကြောင်းရွှေ့ကြတာလို့ ယာဉ်လုပ်သားတွေက ပြောပြကြပါတယ်။

“မလိုက်နဲ့လို့လည်း မပြောရဲဘူး။ သူတို့ကားဆို တစ်စီးလုံး သံပြားတွေကာထားတာ၊ လိုင်းဖြတ်စက်တွေကော တပ်ထားတယ်။ အဲဒီကားတွေကျ လမ်းဘေးမှာရပ်ထားပြီး ခရီးသည်ကားတွေနဲ့ပဲ သူတို့က သွားတာ။ သူတို့လိုက်လာတာ PDF ကသိလို့ ပစ်ခတ်ရင် ခရီးသည်တွေကိုပဲ သူတို့က ကာဘာလုပ်မှာ။ ဖြစ်နိုင်ရင် ဒီလမ်းက ခရီးမသွားတာ အကောင်းဆုံးပဲ” လို့ ကျွန်တော်စီးလာတဲ့ ကားဆရာကပြောပါတယ်။

သူ့အပြောကြောင့် လမ်းပေါ်မှာတွေ့တဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေကို သတိထားကြည့်ရာမှာ ဘန်ကာ၊ သံပြားကာကားတချို့၊ အရပ်ဝတ်စစ်သားတွေနဲ့ Jammer တွေတပ်ဆင်ထားတာကို နေရာတိုင်းလိုလိုမှာ တွေ့ခဲ့ရပါတယ်။

ဒီလမ်းပိုင်းမှာ ယခင်တုန်းက စစ်ကောင်စီဂိတ်တွေအပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေလည်း ရှိတယ်လို့သိရပေမယ့် ကျွန်တော့်ခရီးစဉ် အတွင်းမှာတော့ မုံရွာရောက်တဲ့အထိ စစ်ကောင်စီဂိတ်တွေချည်းသာ မြင်ခဲ့ရတာပါ။ စစ်ကောင်စီဂိတ်ကတော့ စစ်ကိုင်းကနေ မုံရွာ အရောက်အထိ ဂိတ်ကြီး၊ ဂိတ်ငယ်ပေါင်း ၂၀ နီးပါးလောက်ကို တွေ့ရတာပါ။

ကျွန်တော်ဟာဒီခရီးမှာ ကံကောင်းခဲ့တာပါ။ ကျွန်တော်လောက်ကံမကောင်းတဲ့ မုံရွာကသူငယ်ချင်းတစ်ဦးကတော့ အဲဒီလမ်းပိုင်းမှာ မိုင်းတောင် ရှာပေးခဲ့ရသေးတဲ့သူပါ။ စစ်ကောင်စီဂိတ်တွေဟာ ခရီးသည်ကားပေါ်မှာပါလာတဲ့ လူငယ်လူရွယ်တွေကို အခါအားလျော်စွာ မိုင်းရှာခိုင်းလေ့ ရှိတယ်လို့ ယာဉ်လုပ်သားတချို့ကလည်း ပြောကြပါတယ်။

“ကျွန်တော်တို့လိုအရွယ်တွေဆို အကုန်ဆင်းရတာ။ လူကြီးတွေတော့ မဆင်းရဘူး။ အောက်ရောက်တော့ လမ်းဘေးမှာရှိတဲ့ တုတ်ချောင်းတွေ ကောက်ခိုင်းပြီး ခြုံတွေကို လိုက်ထိုးခိုင်းတာ။ သူတို့က အဝေးကနေ လှမ်းခိုင်းတာ။ ‘ညီလေးမင်းက ဟိုခြုံထိုး၊ မင်းကဒီခြုံထိုးလေ’ဆိုပြီး ခိုင်းတာ။ အဲဒီလမ်းက အရင်က မိုင်းတွေချည်းပဲလေ။ ခဏနေမှ ‘ကျေးဇူးပါကွာ’ဆိုပြီး ကားပေါ်ပြန်တက်ခိုင်းတာ”

မုံရွာရောက်တော့ သူငယ်ချင်းက သူကြုံခဲ့ရတာတွေကို ပြောပြတယ်။

မြို့အဝင် အစစ်ဆေးတင်းကြပ်

ဒီလိုနဲ့ စစ်ကောင်စီဂိတ်အဆင့်ဆင့်၊ မိုင်းကွဲလို့ ပျက်နေတဲ့လမ်းတွေကို ရှောင်တိမ်းမောင်းနှင်လာရင်း မုံရွာမြို့အဝင်နားက မအူရွာစစ်ဆေးရေးဂိတ် ကို ကျွန်တော်စီးလာတဲ့ယာဉ် ၈ နာရီဝန်းကျင်မှာ ရောက်လာပါတယ်။

ဇေယျာတိုင်းရဲ့မြို့တော် မုံရွာကိုဝင်လာပြီမို့ ဒီဂိတ်ဟာ စစ်ဆေးမှုပြင်းထန်တဲ့ဂိတ်လို့ဆိုရမှာပါ။ ဒီနေရာမှာ သီးသန့်ဖန်တီးထားတဲ့ ယာဉ်စစ် ဝင်းထဲကို ကားတိုင်းဖြတ်သန်းပြီး အစစ်ဆေးခံကြရပါတယ်။

စစ်သားတွေ၊ ရဲတွေ၊ အရပ်ဝတ်လုံခြုံရေးတွေဟာလည်း နေရာအနှံ့စောင့်ကြည့်နေကြသလို စခန်းကိုလည်း အခိုင်အမာဆောက်ထားတာကို တွေ့ရပါတယ်။

“မှတ်ပုံတင်ပေး၊ မင်းဖုန်းပါလား၊ ဖုန်းထုတ်”

ဒီဂိတ်ကို ဖြတ်ဖူးသူတိုင်း ကြုံရမယ့်အသံပါ။ အသံရှင်ကို ကြည့်လိုက်တော့ ယူနီဖောင်းဝတ်ထားတဲ့ မျက်နှာပေးမာမာနဲ့ ရဲတစ်ယောက်ပါ။

မှတ်ပုံတင်နဲ့ မျက်နှာတိုက်စစ်ပြီးနောက် တစ်ဦးချင်းစီရဲ့ဖုန်းတွေယူကာ ဖုန်းခေါ်ဆိုထားတဲ့စာရင်း၊ ဖုန်းနံပါတ်၊ ဓာတ်ပုံ၊ ဖုန်းမှတ်စု၊ အီးမေးလ်၊ ဖေ့စ်ဘွတ်၊ TikTok စတဲ့ ဆိုရှယ်မီဒီယာမှန်သမျှ မွှေနှောက်စစ်ဆေးကြပါတယ်။

အမျိုးသမီးငယ်တွေရဲ့ ဖုန်းမျိုးဆိုရင်တော့ ပိုလို့အချိန်ယူစစ်ဆေးတာကိုတွေ့ရပြီး ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ စာပို့ထားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို အငမ်းမရ ကြည့်ကြတာမျိုးပါ။

“သူတို့က ဖေ့စ်ဘွတ်ကိုပါယူကြည့်ပြီး အကောင့်နာမည်မှတ်ထားတာ။ အိမ်ပြန်ရောက်လို့ ဖုန်းပြန်စစ်ကြည့်ချိန်ကျ သူတို့က အကောင့်တွေကနေ လာစကားပြောတာ၊ Add ထားတာတွေပါလုပ်တာ။ ကြောက်လို့ ဘလော့ထားလိုက်ရတယ်”

မအူဂိတ်မှာ ကြုံခဲ့ရတဲ့ မုံရွာက မိတ်ဆွေအမျိုးသမီးတစ်ဦးကပြောပြတာပါ။ အဲဒီဂိတ်မှာ နာရီဝက်နီးပါးအစစ်ခံပြီးမှ မုံရွာမြို့ကိုဝင်ခွင့်ရပါတယ်။

တိတ်ဆိတ်ခြောက်ကပ်သွားတဲ့မြို့

သုံးနှစ်ကျော်လောက် ကင်းကွာခဲ့ရတဲ့ဇာတိမြို့ကိုဝင်ရောက်လာပေမယ့် ယခင်ကလို ဇာတိရနံ့နဲ့ရှုခင်းကို မြင်ခွင့်မရတော့တာကို သတိ ထားမိလိုက်ပါတယ်။

အရင်က မုံရွာမြို့အဝင်ဟာ နယ်အသီးသီးကနေ ကား၊ ဆိုင်ကယ်နဲ့ မြို့တွင်းကို လာရောက် စီးပွားလုပ်ကြသူ ကုန်သည်၊ ဈေးသည်၊ ခရီးသွားတွေနဲ့ စည်ကားခဲ့ပေမယ့် အခုတော့ ခြောက်ကပ်နေပါတယ်။

မြို့ရဲ့ လူသူစည်ကားရာ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ သာစည်လမ်းနဲ့ ပြည်ထောင်စုလမ်းတွေဟာ အခုတော့ စစ်ကောင်စီဂိတ်တွေရဲ့ အထပ်ထပ်ပိတ်ဆို့ထားမှုနဲ့ အကျည်းတန်အရုပ်ဆိုးနေတာကိုလည်း တွေ့ရပါတယ်။ မြို့ရဲ့ကျက်သရေခန်းမနဲ့ မြို့ရဲ့ ပြယုဂ်နာရီစင်အနီးတစ်ဝိုက်ဟာလည်း ခြောက်ကပ်၊ ကျဲတောက်ပြီး လူတဖျောက်ဖျောက်သာ သွားလာနေကြတော့တာပါ။

သူတို့အာဏာသိမ်းပြီးချိန်ကစလို့ မုံရွာမြို့လယ် နာရီစင်ကနေစပြီး ဗိုလ်ချုပ်ကြေးရုပ်အနီးက မြို့တော်ခန်းမ၊ ဆေးရုံကြီး စတဲ့နေရာတွေအထိ တစ်လျှောက်လုံးကို စစ်ကောင်စီတပ်ဟာ လမ်းမပေါ်မှာ ကန့်လန့်ဖြတ်အတားအဆီးတွေလုပ်ပြီး ဖြတ်တောက်ပိတ်ဆို့ထားတာပါ။ နွေဦးအရေး အခင်းအစပိုင်းတုန်းကတော့ ဒီနေရာတွေဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လူထုစုရုံးအုံကြွခဲ့တဲ့ အထင်ကရနေရာတွေပေါ့။ ဒါ့အပြင် အာဏာရှင်ရဲ့ သွေးချောင်းစီးတဲ့လူသတ်ကွင်းပြင်တွေလည်း ဖြစ်ခဲ့ရသေးတာပေါ့။

ဟိုတုန်းက ကြက်ပျံမကျစည်ကားခဲ့တဲ့ ဗိုလ်ချုပ်လမ်းဟာလည်း အခုတော့ သုသာန်တစပြင်အလားခြောက်ကပ်နေတာပါ။ စစ်ကောင်စီတပ်သား တွေရှိတဲ့ဒီလမ်းမကို မြို့ခံတွေကရှောင်ဖယ်သွားလာကြတယ်လို့ ဆွေမျိုးတွေက ပြောပြပါတယ်။

အရင်ကမုံရွာပြန်ရောက်တိုင်း သူငယ်ချင်းမိတ်ဆွေတွေရှိရာကိုသွားတဲ့အခါ ဗိုလ်ချုပ်လမ်းကနေပဲ အများဆုံးသွားလေ့ရှိပေမယ့် အခုတစ်ခေါက် မှာတော့ မြို့လယ်နာရီစင်ကနေ ဘောလုံးကွင်းအနီး ဆေးရုံကြီးနားအထိ စစ်ကောင်စီတပ်တွေက လမ်းတွေပိတ်ဆို့ထားလို့ ရပ်ကွက်ကြိုရပ်ကွက်ကြား လမ်းတွေကနေ ကွေ့ပတ်သွားလာခဲ့ရပါတယ်။

ဒီလမ်းပေါ်က သွားမိတာကြောင့် စစ်ကောင်စီတပ်သားတွေက ခေါ်ယူစစ်ဆေးတာ၊ ငွေညှစ်တာ၊ ပစ်ခတ်တာတွေ မကြာခဏဖြစ်လို့ သေဆုံးတဲ့သူ၊ အဖမ်းခံရတဲ့သူတွေလည်း မနည်းတော့ဘူးလို့ မုံရွာမြို့ပေါ်က မိသားစုနဲ့သူငယ်ချင်းမိတ်ဆွေတွေက ပြောပြကြပါတယ်။

အရင်က ဗိုလ်ချုပ်လမ်းပေါ်မှာ ဘဏ်၊ မြို့တော်ခန်းမ၊ စာသင်ကျောင်းတချို့၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မုံရွာရဲ့ အထင်ကရဈေးသစ် စတဲ့နေရာတွေကို စစ်ကောင်စီဂိတ်တွေရှိနေတာကြောင့် လူတွေမလာရဲကြတော့တဲ့အခါ လုပ်ငန်းတွေလည်း အဆင်မပြေဖြစ်ကုန်ကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေကတော့ မန္တလေးလို၊ ရန်ကုန်လို မြို့ကြီးတွေမှာ လုပ်ငန်းပြောင်းရွှေ့သွားကြသလို မတတ်နိုင်သူတွေကတော့ စစ်တပ်ဂိတ်တွေအနီးကဆိုင်ခန်းတွေကို ရတဲ့ဈေးနဲ့ရောင်းပြီး လူအနည်းငယ်ပိုစည်တဲ့ ပြည်ထောင်စုလမ်းမကြီးလို နေရာတွေဘက်ကို ရွှေ့ကုန်ကြတယ်လို့ မြို့ခံမိတ်ဆွေ ကိုကျော်ဇင်က ရှင်းပြပါတယ်။

“ခန်းမနား ယောင်လို့တောင်မသွားမိစေနဲ့။ ညနေပိုင်းပိုဆိုးတယ်။ တစ်နေ့က ဆိုင်ကယ်နဲ့ပြန်တာ အဲဒီနားကဖြတ်မိလို့ ကြေးရုပ်နားက ဂိတ်က လှမ်းခေါ်စစ်တာခံရတယ်။ သူတို့က ဆိုင်ကယ်ပေးထားတဲ့၊ မင်းဟာမင်းလမ်းလျှောက်ပြန်ဆိုပြီးပြောလို့ ဆိုင်ကယ်ပေးထားခဲ့ရတယ်။ ပြီးတော့ ပိုက်ဆံပါသလောက်ပါပေးခဲ့ဦးဆိုလို့ ပိုက်ဆံကောပေးခဲ့ရတာ” လို့ မြို့ရဲ့ အခြေအနေကို သူက ဖောက်သည်ချတယ်။

ယခင်ကာလတွေတုန်းက နေ့ညစည်ကားလေ့ရှိတဲ့ ချင်းတွင်းမြစ်ကမ်းနဖူးက စစ်ကိုင်းတိုင်းရဲ့မြို့တော်ဟာ အခုတော့ ညနေ ၆ နာရီဆိုရင်ပဲ လူခြေတိတ်သွားတာကို တွေ့ရပါတယ်။ တစ်ချိန်ကတော့ ဒီလိုအချိန်မှ မြို့ဟာနိုးလာသလို သက်ဝင်လှုပ်ရှားဖူးတဲ့ မုံရွာညတွေ ရှိခဲ့ဖူးတာပါ။

မိတ်ဆွေနဲ့ မိသားစုဝင်တွေကတော့ နေဝင်မီးငြိမ်းဘဝတွေနဲ့ တိတ်ဆိတ်နေခဲ့တာ နှစ်နဲ့ချီကြာလာပြီလို့ ပြောပြကြလေရဲ့။

“ဆိုင်ကယ်ယောက်ျားလေးနှစ်ယောက်စီးရင် တွေ့တဲ့နေရာ အမေးအမြန်းမရှိပစ်တာ။ အဲဒီလိုပစ်လို့ သေတာလည်းမနည်းတော့ဘူး။ နောက်အင်္ကျီအနက် ဝတ်လို့မရဘူး။ အင်္ကျီအနက်ဝတ်ထားတာတွေ့ရင်လည်း ပစ်တယ်။ တစ်ခါတလေခေါ်စစ်ပြီး ပါးတွေနားတွေရိုက်တယ်” လို့ ပြောနေချိန်မှာ ကိုကျော်ဇင်ဟာ သူ့မြို့ကိုသူ စိတ်ပျက်နေသလိုပါ။ ဒီလိုနေ့ရက်တွေ ဘယ်နေ့များမှ ငြိမ်းချမ်းမလဲ ဆိုတာလည်း သူခန့်မှန်း နိုင်ပုံ မရပါဘူး။

ညနေ ၆နာရီဝန်းကျင်လောက်ကစပြီး ရပ်ကွက်တွေထဲကို အိမ်စီးကားတွေနဲ့ ကင်းလှည့်လေ့ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ လမ်းပေါ်တွေ့တဲ့ လူငယ်တွေ၊ ကိုယ့်အိမ်ရှေ့မှာထိုင်နေတဲ့လူငယ်တွေကအစ ဝင်ဖမ်းတာမျိုးတွေလုပ်ကြသလို မိသွားသူတွေကို အတင်းစစ်မှုခိုင်းတာတွေလည်း ရှိတယ်လို့ မိသားစုတွေက ပြောပြတော့ ဇာတိမြို့ရဲ့မလုံခြုံမှုက ကျွန်တော့်ကို ကျောချမ်းစေပါတယ်။

“ကျွန်မတို့သားက သူ့ဟာသူအိမ်ရှေ့မှာထိုင်ပြီး ဆေးလိပ်လေးသောက်နေတာ။ လမ်းထဲအိမ်စီးကားသုံးစီးဝင်လာပြီး အိမ်ရှေ့လာရပ်တယ်။ ပြီးတော့ သူ့ကိုဖမ်းခေါ်တာ။ ကျွန်မကလှမ်းမြင်တော့ ဘာလို့ဖမ်းတာလဲမေးတာ ‘လျှာမရှည်နဲ့ အိမ်ထဲပြန်ဝင်’လို့ အော်တယ်။ နောက်ရက်မှ ရဲစခန်းလိုက်စုံစမ်းတော့ ရှမ်းပြည်ကို စစ်မှုထမ်းသင်တန်းတက်ဖို့ လေယာဉ်နဲ့ပို့လိုက်ပြီလို့ ပြောတယ်။ အဆက်အသွယ်မရတော့ဘူး”

မိတ်ဆွေလည်းဖြစ်တဲ့ မိသားစုတစ်စုက သူတို့ကြုံရတဲ့ဖြစ်ရပ်ကို ပြန်ပြောပြတဲ့အခါ ပိုလို့တောင်တုန်လှုပ်မိပါသေးတယ်။

သေသွားတဲ့သူတောင် သေရွာကိုဖြောင့်ဖြောင့်မသွားနိုင်လောက်အောင်အထိ မုံရွာကို စစ်ကောင်စီကဖိနှိပ်ထားတယ်လို့ ကိုကျော်ဇင်က ပြောတော့ အံ့ဩခဲ့ရပါတယ်။

“သေတဲ့သူတောင် သုသာန်ကိုဖြောင့်ဖြောင့် မသွားရဘူးဟ။ လမ်းမကြီးတွေပေါ် သူတို့ဂိတ်တွေရှိတော့ စစ်ဆေးနေရင် ကြာမှာစိုးလို့ အသုဘ ကားတန်းတောင် ရပ်ကွက်ကြိုရပ်ကွက်ကြားလမ်းတွေကနေ သွားနေရတာ။ သေတဲ့လူပါ ဒုက္ခရောက်တယ်”

ခိုးဆိုးလုနှိုက်သူတွေဟာ ညဘက်တင်မက နေ့ဘက်တွေပါ ကြီးစိုးလာတဲ့အခါ မြို့ခံတွေဟာ ကူကယ်ရာမဲ့ကြရတယ်လို့ မိတ်ဆွေတွေက ပြောပြကြတယ်။

မြို့လုံခြုံရေးယူပေးတယ်ဆိုတဲ့ သူတွေကိုလည်း ကြောက်ရ၊ သူခိုးဂျပိုးလည်းကြောက်ရ ဖြစ်နေတဲ့ မြို့ခံတွေကတော့ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ ကောက်ရိုးမျှင်တစ်ခုအဖြစ် ခွေးမွေးကြတယ်လို့ ပြောပြကြတယ်။ ခွေးကလည်းအမျိုးစုံပဲ၊ သိန်းပေါင်းဆယ်ချီပေးရတဲ့ နိုင်ငံခြားခွေးတွေလည်း ပါသလို လမ်းဘေးလေလွင့်ခွေးတွေကိုလည်း မွေးကြတယ်လို့ ပြောပြကြတယ်။

မြို့ရဲ့အခြေအနေကတော့ လွန်ခဲ့တဲ့သုံးနှစ် နောက်ဆုံးအခေါက်ရောက်ခဲ့တုန်းကနဲ့ ဆီနဲ့ရေလို့ အကွာကြီး ကွာခြားသွားတာကိုလည်း တွေ့ခဲ့ရ တော့ ယခင်လို ဇာတိမြို့အပြန် ကြည်နူးစရာအတိတ်နေ့ရက်တွေကို တမ်းတမိတာတော့ အမှန်ပါပဲ။

ဆယ်စုနှစ် သုံးစုနီးပါး လူလုပ်လာတဲ့သက်တမ်းတစ်လျှောက် ဒီတစ်ခေါက်လောက် ဇာတိမြေဟာ ဖုန်းဆိုးမြေလို ဖြစ်နေတာကို ယခင်တုန်းက မကြုံဖူးသေးတော့ အတိတ်နေ့ရက်တွေကို ပိုလွမ်းမိတာပေါ့။

ဒီလိုနဲ့ ပြန်လာရတဲ့ အလုပ်ကိစ္စ အဆင်ပြေသွားတဲ့အခါ ရန်ကုန်ကိုပဲ အမြန်ပြန်ဖို့ ကြိုးစားရတော့တယ်။ ပြန်မယ့်နေ့မှာ မိသားစုတွေကို ကန်တော့နှုတ်ဆက်ပြီးနောက် သူတို့အဓိက မှာတာကတော့ “တစ်လမ်းလုံး ဖုန်းမသုံးနဲ့၊ သမ္ဗုဒ္ဓေသာနာနာရွတ်။ အမြန်လမ်းပေါ်ရောက်မှပဲ စိတ်ချရမှာ” တဲ့။

၁၃/ ပါရင်ချင်ချင်းဆင်းခဲ့

အလာတုန်းက ခုံမပြည့်တဲ့ယာဉ်လိုင်းတွေဟာ အပြန်မှာတော့ ခရီးသည်က အပြည့်။ အများစုက လူငယ်တွေချည်း။

“ကိုယ့်မြို့ကိုယ်နေချင်ပေမယ့် နေလို့မှမကောင်းတော့တာ။ နိုင်ငံခြားသွားရမှာမို့ မိသားစုကို လာနှုတ်ဆက်ရင်း ပြန်လာတာ”

ဒီလိုပြောတာက အပြန်ခရီးမှာ ကိုယ်နဲ့အတူတွဲထိုင်ရမယ့် ဘေးချင်းကပ်ခုံက ကိုပိုင်ဖြိုးပါ။ သူက ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ဖို့ အားလုံး ပြင်ဆင်ပြီးတဲ့အတွက် မိသားစုကိုလာနှုတ်ဆက်တာပါ။

အပြန်ခရီးဟာလည်း အလာတုန်းကလိုပါပဲ။ စစ်ကောင်စီစစ်ဆေးရေးဂိတ်ပေါင်းများစွာကို ဖြတ်သန်းရင်ခုန်ရတာပါပဲ။ မြောင်လမ်းခွဲဂိတ်မှာ ဆိုရင် ကားပေါ်ရှိ လူငယ်အကုန်လုံးလမ်းဆင်းလျှောက်၊ မှတ်ပုံတင်ပြကြရသလို ငွေလည်းပေးခဲ့ကြရပါသေးတယ်။

အဲဒီဂိတ်က ပြန်ထွက်ချိန်မှာ ယာဉ်အကူကို ကားဆရာက ဘာကြောင့်ကြာနေတာလဲလို့ မေးတဲ့အခါ “သူတို့ဂိတ်တွေမှာ သူတို့က ငွေမတောင်းပါဘူးဆိုတဲ့အကြောင်း လက်မှတ်ထိုးနေရတာ” လို့ ပြန်ဖြေလိုက်တာကို ကြားလိုက်ရပါသေးတယ်။

ဒီလိုနဲ့ အလာတုန်းကဝင်နားခဲ့တဲ့ ညောင်ပင်ဝန်းရွာကိုရောက်တဲ့အခါ ကားနားကြပါတယ်။ ဒီအခါ ခေါင်းပေါ်ကနေ ဖြတ်မောင်းသွားတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကိုတွေ့ရတော့ ဘယ်ရွာ၊ ဘယ်ဒေသများ ဗုံးသွားကြဲပြန်ပြီလဲဆိုပြီး အတွေးကဝင်လာခဲ့သေးတယ်။

ညနေ ၆ နာရီဝန်းကျင်မှာတော့ ဧရာဝတီမြစ်ကူးတံတား(စစ်ကိုင်း)ဆီ ကားဟာ ပြန်လည်ချဉ်းကပ်လာပါပြီ။ ဒီလိုနဲ့ အစစ်ဆေးခံ၊ ဆက်လက် ဖြတ်သန်းကြရတာပေါ့။

ဒါပေမဲ့ မန္တလေးတိုင်းဘက်က စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်ရောက်တဲ့အခါ သေနတ်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ကားပေါ် တက်လာပြီး ‘၁၃ မျဉ်းစောင်း(ရှမ်းမှတ်ပုံတင်)ပါလား၊ ပါရင်ချက်ချင်းဆင်းခဲ့’ လို့ အော်မေးပါတယ်။

ဒီအခါ ယာဉ်အကူက “ ဆရာကြီး၊ ကားပေါ်မှာ အကုန်လုံး ၅ မျဉ်းစောင်း (စစ်ကိုင်းမှတ်ပုံတင်)တွေချည်းပဲဗျ။ ၁၃ မျဉ်းစောင်း တစ်ယောက်မှ မပါဘူးဗျ” လို့ ဖြေလိုက်တော့မှ ကျွန်တော်တို့ကားကို ထွက်ခွင့်ပေးပါတယ်။

စီးလာတဲ့ကားဟာ အဲဒီစစ်ဆေးရေးဂိတ်ကိုဖြတ်၊ အမြန်လမ်းပေါ်တက်လာပြီး တံတားဦးတိုးဂိတ်ကိုကျော်ဖြတ်ပြီးချိန်မှာတော့ ခရီးသည်များ ဖုန်းကို စိတ်ချလက်ချသုံးနိုင်တဲ့အကြောင်း အသိပေးသံတစ်ခုဟာ ယာဉ်အတွင်းကို ပျံ့လွင့်လာပါတော့တယ်။

“တစ်လမ်းလုံး ရင်တထိတ်ထိတ်နဲ့စီးလာရတာ။ မိုင်းရှာခိုင်းမှာက ကြောက်ရသေး။ စစ်ဆေးရေးဂိတ်မှာ သူတို့မူးနေချိန်ဖြစ်မှာက ကြောက်ရသေးတာ။ အမြန်လမ်းရောက်မှပဲ စိတ်အေးတော့တယ်ဗျာ။ မရဏလမ်းကနေ လွတ်ပြီ” လို့ ဘေးနားက ကိုပိုင်ဖြိုးက ဆိုလာပါတယ်။ ပြီးတော့ သူ့ရဲ့ မိသားစုတွေဆီ ဖုန်းလှမ်းဆက်ပြီး အမြန်လမ်းပေါ်ရောက်ပြီဖြစ်ကြောင်း ဝမ်းသာအားရ ဖုန်းဆက်နေပါတော့တယ်။

သူလို့ပဲ ကျွန်တော်လည်း ရင်ထဲက စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားပေမယ့် ဇာတိမြို့ရဲ့အဖြစ်ဆိုးကိုတော့ မေ့မရနိုင်အောင် ဖြစ်မိပါတော့တယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."