ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၉ (မော်ကွန်း)
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ထဲမှာ မြစ်ရေမြင့်တက်တာ၊ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်နေသလို ရေဘေးသင့်သူတွေအတွက် ရေနဲ့စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
တိုက်ကြီးမြို့နယ်ထဲကကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မြစ်ရေတိုးလို့ ရေနစ်မြုပ်နေတာဖြစ်ပြီး အခုလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရေဆက်တက်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုထွန်းမြတ်က ပြောပါတယ်။
“ရေကတော့ တက်တုန်းဗျ။ မကျမှမကျသေးတာ။ ထပ်တိုးနေတာ။ ရွာတွေကနေ အကိုတို့ကယ်ထုတ်နေတာ။ အခုက အဖျောက်သွားတဲ့ လမ်းရေမြုပ်နေပြီ။ အဲဒီမှာလည်းအကိုတို့ ကမ့်တွေထပ်ထိုးတာတယ်။ ကားလမ်းပေါ်ရေကျော်သွားပြီ။ ကားလမ်းကအမြင့်ပိုင်းဖြစ်တဲ့အတွက် အဲဒီလမ်းရေကျော်သွားပြီ။ အဲဒီလမ်းကနေ ကားမောင်းသွားရင် (အိမ်)ခေါင်မိုးလေးတွေပဲတွေ့ရတယ်” လို့ သူကပြောပါတယ်။
တိုက်ကြီးမြို့နယ်ထဲက ကျေးရွာ ၁၂ ရွာကျော် ရေနစ်မြုပ်နေပြီး အမြင့်ပိုင်းက ကျေးရွာတွေအထိပါ ရေဆက်တက်နေလို့ ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြတယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေဘေးဒုက္ခကြုံသူတွေအတွက် ရေနဲ့အစားအသောက်တချို့လိုအပ်နေတယ်လို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုထွန်းမြတ်က ပြောပါတယ်။
“ရေဘေးဒုက္ခဖြစ်လာရင်တော့ အဓိကက ရေပေါ့။ သောက်ရေသောက်သုံးရေရယ်၊ စားဖို့အတွက်ဆို ဆန်လေးတွေစီစဉ်ပေးတယ်။ နောက်ပြီးတော့ ထပ်ကူချင်တယ်ဆိုရင် ဆေးဝါးလေးတွေပေါ့” လို့ သူကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေဆက်တက်နေသလို တိုက်ကြီးမြို့နယ်ထဲက တချို့ကျေးရွာတွေမှာ နေအိမ်တွေပါမြုပ်တဲ့အထိ ရေတက်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုကြပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ချက်အရ ရန်ကုန်နဲ့အနီးတစ်ဝိုက်မှာ နောက်နှစ်ရက်အတွင်း မိုးဆက်လက်ရွာဦးမယ်လို့ ဆိုပါတယ်။
မိုးလေဝသ လေ့လာခန့်မှန်းသူ ဦးဝင်းနိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင်လကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ကုန်းတဝက်ရေတဝက် လေဖိအားနည်းရပ်ဝန်းက မိုးရွာသွန်းမှုပိုစေနိုင်ပြီး ရေပြန်ကျမယ့်ရက် ပိုရှည်ကြာနိုင်လို့ ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ နှိုးဆော်ထားပါတယ်။
ဒီလလယ်ပိုင်းက စတင်ရွာသွန်းနေတဲ့မိုးကြောင့် နိုင်ငံအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်လို ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေပြီး လယ်တွေရေမြုပ်တာ၊ အိုးအိမ်တွေရေလွှမ်းပျက်စီးတာနဲ့ လမ်းပိုင်းတွေပြတ်တောက်တာတွေလည်း ဖြစ်ပွားနေပါတယ်။
ပုံစာ-ရန်ကုန်တိုင်းအတွင်း ရေနစ်မြုပ်နေတဲ့ နေရာတချို့ကို ကူညီကယ်ဆယ်ရေးလုပ်နေစဉ်။
ဓာတ်ပုံ- Tun Myat Nyunt

