ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိခဲ့သည်ဟု ယင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက မော်ကွန်းကို ပြောသည်။
မင်းကင်းမြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း ၁၈ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ကိုယ်စားလှယ်ပေါင်း ၁၆ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၁,၀၀၀ ကျော်အနက် ၂၀,၀၀၀ ကျော် ရရှိကာ အမှတ် ၂ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၅,၀၀၀ ကျော်အနက် ၁၈,၀၀၀ ကျော် ရရှိပြီး ကျန်ကိုယ်စားလှယ်များကို နိုင်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် မဲပေးခွင့်ရှိသူ ၈၇,၀၀၀ ကျော်အနက် ၃၉,၀၀၀ ကျော်၏ ထောက်ခံမဲဖြင့် ကျန်ကိုယ်စားလှယ်များကို အနိုင်ရရှိခဲ့သည်ဟု ယင်းပါတီ၏ မင်းကင်းမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဒေါ်မာလာက ပြောသည်။
အမျိုးသားလွှတ်တော်နေရာအတွက် ယင်းတို့ပါတီကပင်နိုင်သော်လည်း မြို့နယ်သုံးခုပေါင်းထားသည့် မဲဆန္ဒနယ်ဖြစ်ခြင်းကြောင့် မဲရလဒ် အသေးစိတ်ကို မသိကြောင်း သူကပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မင်းကင်းမြို့နယ်တွင် အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ တွင် အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့သည်။
#Dailynews

