ရန်ကုန်- ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း)
အခေါက်ရွှေတစ်ကျပ်သားကို ၆၂သိန်း ၄သောင်းနဲ့ ပြင်ပဈေးကွက်မှာ ဒီနေ့ဈေးဖွင့်ကြပါတယ်။ ဒါက သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ဈေးနှုန်းပါ။
စစ်ကောင်စီထိန်းချုပ် ရွှေလုပ်ငန်းရှင်အသင်းကတော့ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၄၆ သိန်းဝန်းကျင်လို့ ဒီနေ့အတွက် ဈေးသတ်မှတ်ပါတယ်။ ဒီထက်ပိုရောင်းတဲ့ ရွှေဆိုင်တွေကို အရေးယူမယ်လို့လည်း ဆိုပါတယ်။
ဒီတော့ ရွှေဆိုင်တွေဟာ အလျော့တွက်၊ လက်ခကို အဆမတန်မြှင့်တင်ပြီး သူတို့အတွက် တွက်ချေကိုက်အောင် ရောင်းဝယ်နေကြတယ်လို့ ရွှေဝယ်ယူစုဆောင်းသူတချို့က ပြောပါတယ်။
အသင်းသတ်မှတ်ဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးက ကျပ် ၁၆ သိန်းလောက် ဟနေတာပါ။ ဈေးကွက်မှာ အသင်းသတ်မှတ်ဈေးနဲ့ ဘယ်သူမှအရောင်းအဝယ်မလုပ်ကြပါဘူး။ ရွှေဈေးကစားတယ်ဆိုပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာ နာမည်ကြီး ရွှေလုပ်ငန်းရှင်တွေကို ဝရမ်းထုတ်ဖမ်းတာတွေလည်း စစ်ကောင်စီက လုပ်ခဲ့ပါသေးတယ်။
စစ်တပ်အာဏာမသိမ်းခင်တုန်းက ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းခွဲသာ ပေါက်ဈေးရှိခဲ့တာပါ။ အာဏာသိမ်းပြီး သုံးနှစ်ကျော်မှာ ရွှေဈေးက ငါးဆလောက်ကို ထိုးတက်သွားတာဖြစ်ပါတယ်။
ရွှေဈေးတက်တာရဲ့ နောက်ဆက်တွဲကြုံရတာက မြန်မာငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်းကြီးမြင့်တာတွေကို လူထုတွေ ခံစားရတာပါ။ အခြေခံလူတန်းစားတွေအနေနဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ ဒီသုံးနှစ်ကျော်အတွင်းမှာ ပိုတိုးကြပ်တည်း ဆင်းရဲလာကြတယ်လို့ ကမ္ဘာ့ဘဏ်လို ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
အရပ်သားအစိုးရတွေခေတ်တုန်းက ကျဆင်းလာခဲ့တဲ့ ဆင်းရဲမွဲတေမှုဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါ ပြန်တက်လာနေပြီး ၂၀၁၅ တုန်းက အခြေအနေလောက်ကို ပြန်ပြီး လူတွေဆင်းရဲမွဲတေသွားကြပြီလို့ သူတို့ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ ကမ္ဘာဘဏ်က ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) ကတော့ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဟာ စစ်တပ်အာဏာ မသိမ်းခင်ကထက် ၃၀၀ ရာခိုင်နှုန်းလောက်အထိကို တိုးသွားပြီလို့ ဖော်ပြထားပါတယ်။ ဒီအဖွဲ့က အလွန်အမင်းဆင်းရဲကြတဲ့ လူထုတွေကို ရိက္ခာဝေတာတွေ ရန်ကုန်မှာလည်း လုပ်ပေးနေသလို စစ်မက်ဖြစ်ပွားနေတဲ့ဒေသတွေက ဒုက္ခသည်တွေကိုလည်း ရိက္ခာထောက်ပံ့မှုတွေ လုပ်နေတာပါ။
လူထုတွေနေ့စဉ် ထိတွေ့သုံးစွဲနေရတဲ့ ဆန်ဈေး၊ စက်သုံးဆီဈေး၊ စားသုံးဆီဈေးနဲ့ ဆေးဝါးတွေကို စစ်ကောင်စီက အာဏာသုံးပြီး ဈေးချရောင်းခိုင်းနေပေမယ့် ငွေကြေးဖောင်းပွမှုနဲ့ တိုက်ရိုက်အချိုးကျတဲ့ ရွှေနဲ့ ဒေါ်လာကိုတော့ အဲဒီလို ရောင်းပေးတာမျိုး မရှိသေးပါဘူး။
ဓာတ်ပုံ – မော်ကွန်း
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

