ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၄ (မော်ကွန်း)
လားရှိုးမြို့ပေါ်မှာတိုက်ပွဲတွေ ဒီနေ့မနက်ပိုင်းကစပြီး ပြန်လည်ပြင်းထန်လာပြီး မြို့ပေါ်ကရပ်ကွက်တချို့မှာ လူနေထိုင်လို့မရတော့တဲ့ အခြေအနေတွေဖြစ်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လားရှိုးမြို့ တောင်ဘက်ပိုင်းက ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၄ တို့အပါအဝင် လားရှိုးလေယာဉ်ကွင်းအနီးနဲ့ လားရှိုးအကျဉ်းထောင်အနီးတို့မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒါ့ပြင် လားရှိုးမြို့မြောက်ဘက်က မြို့အဝင် ခမရ ၆၈ တပ်ရင်းအနီးမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
“မနေ့က တစ်ညလုံးငြိမ်နေပေမယ့် မနက်လင်းတာနဲ့ ပစ်ခတ်သံတွေ လက်နက်ကြီးသံတွေ ဆူညံနေတယ်။ လုံးဝ မရပ်မနားကို ချနေတာ” လို့ အဲဒီဒေသခံက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် လားရှိုးမြို့ပေါ်က ရပ်ကွက် ၁၊ ၄ နဲ့ ၅ စတဲ့ရပ်ကွက်တွေမှာ လူနေထိုင်လို့မရတော့တဲ့ အခြေအနေထိဆိုးဝါးနေပြီး ဒီရပ်ကွက်တွေမှာနေထိုင်တဲ့ ဒေသခံအများစုဟာလည်း ပြောင်းရွှေ့သွားကြပြီလို့ ပြောပါတယ်။
ဒါ့ပြင် ပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကြားပေမယ့် လူနာတွေကို သွားခေါ်ထုတ်ဖို့ လုံခြုံရေးအရခက်ခဲနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
မနေ့ကတော့ လားရှိုးအကျဉ်းထောင်အနီးတစ်ဝိုက် ရပ်ကွက်တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အကျဉ်းထောင်ကိုတော့ သိမ်းပိုက်နိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒေသခံတစ်ဦးကတော့ “အကျဉ်းထောင်ကတော့ သိမ်းတယ်လည်းကြားတယ်၊ မသိမ်းဘူးလည်းကြားတယ်။ သိပ်တော့ မသေချာသေးဘူး” လို့ ပြောပါတယ်။
ယခုလ ၂၁ ရက်မှာတော့ လားရှိုးမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီးအဆင့် ဦးဆောင်တဲ့ စစ်ကောင်စီတပ်သား ၃၀၀ ကျော်ဟာ MNDAA ထံ လက်နက်ချခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရှိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ယခုလ ၂၂ ရက်ကလည်း လားရှိုးမြို့ပေါ်က မိဘမဲ့ကလေးဂေဟာတစ်ခုကို လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ကလေးတစ်ဦးသေဆုံးသွားသလို စစ်ဘေးရှောင်စခန်းတစ်ခုကို လက်နက်ကြီးထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ယခုလ ၃ ရက်နေ့ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာယီအပစ်ရပ်ကြေညာမှုတွေရှိနေပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။
ပုံစာ_ ယခုလဆန်းပိုင်းကစတင်ခဲ့သည့် တိုက်ပွဲများကြောင့် မြို့ကိုစွန့်ခွာထွက်ပြေးနေသည့် လားရှိုးဒေသခံများ
ဓါတ်ပုံ-AKM

