မုံရွာ-၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ယာဉ်တွေကိုတားပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသားလူငယ်တွေကို လမ်းဘေးဝဲယာက ခြုံတွေထဲကို တုတ်တွေနဲ့ထိုးခိုင်းပြီး မိုင်းတွေရှာခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။
“ချောင်းဦးနားတဝိုက်က အဆိုးဆုံးပဲ။ အဲဒီနားက ခဏတိုင်းတိုက်ပွဲဖြစ်တော့ ကားတွေတားတယ်။ တားပြီးရင် ကားပေါ်က ကျွန်တော်တို့လိုလူငယ်တွေကိုအောက်ဆင်းခိုင်းပြီး သစ်ကိုင်းခြောက်တွေ၊ တုတ်ချောင်းတွေကောက်ခိုင်းပြီး ခြုံတွေထဲထိုးခိုင်းတာ။ သူတို့က ခပ်လှမ်းလှမ်းကနေခိုင်းတာ။ ငါးမိနစ်လောက် ခြုံတွေထဲထိုးပြီးမှ ကားလည်းပြန်ထွက်ရတာ” လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
မုံရွာ-မန္တလေးကားလမ်းပေါ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အဲဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေလည်း မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။
လမ်းပိုင်းမှာ တိုက်ပွဲဖြစ်တဲ့နေ့တွေနဲ့ စစ်ကောင်စီယာဉ်တန်းတွေတိုက်ခိုက်ခံရတဲ့နေ့တွေမှာ အဲဒီလမ်းပိုင်းအသုံးပြုတဲ့ ခရီးသည်တင်ယာဉ်တွေကို စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်လေ့ရှိပြီး လူငယ်တွေကို မိုင်းရှာခိုင်းတာလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ လူငယ်တစ်ဦးကလည်း ထပ်မံပြောပါတယ်။
“သူတို့က ယောက်ျားလေးလူငယ်ပိုင်းတွေကိုပဲ ကားပေါ်ကဆင်းခိုင်းပြီး လမ်းဘေးကခြုံတွေထိုးခိုင်းတာ။ ငါးမိနစ်ဆယ်မိနစ်လောက် (ခြုံတွေ)ထိုးပြီးမှ သူတို့က ‘ကျေးဇူးပါတယ်ကွာ’လို့ပြောပြီး ခရီးဆက်သွားခိုင်းတာ။ ခြုံတွေထိုးနေရင်း မိုင်းသာထိုးမိရင် မတွေးရဲစရာပဲ”လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခရီးသည်တွေကို မိုင်းရှာခိုင်းတဲ့အပြင် မုံရွာ-မန္တလေးလမ်းပိုင်း နေ့စဉ်အသုံးပြုနေရတဲ့ ခရီးသည်တင်ယာဉ်တွေကိုတားပြီး သူတို့သွားလိုတဲ့နေရာ၊ စစ်ကြောင်းထိုးမယ့်နေရာတွေအထိ ခရီးသည်တင်ယာဉ်တွေပေါ်မှာ ခရီးသည်တွေကြားထဲကနေ လိုက်ပါလေ့ရှိတယ်လို့ မကြာခဏကြုံတွေ့ရတဲ့ ကားသမားတွေကလည်း ပြောပါတယ်။
မုံရွာ-မန္တလေးကားလမ်းပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးအထိ ဆယ်ခုထက်မနည်းရှိသလို လမ်းပိုင်းနေရာတချို့မှာလည်း ရှောင်တခင်စစ်ဆေးရေးဂိတ်တွေအများအပြားရှိပါတယ်။
ပြီးခဲ့တဲ့ မေ ၃၀ ရက် မနက်ပိုင်းကလည်း မုံရွာ-မန္တလေးကားလမ်းမပေါ် ချောင်းဦးမြို့နယ်အနီး လမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်တွေက ခရီးသည်တင်ယာဉ်တွေကို တိုက်ပွဲကြား မောင်းနှင်ခိုင်းခဲ့လို့ တစ်ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ-မုံရွာ-မန္တလေးလမ်းပိုင်းမှာသွားလာနေသူတချို့။
ဓာတ်ပုံ-mawkun

