မအူပင် – ၂၀၂၄ ဇူလိုင် ၁၉ (မော်ကွန်း)
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှာ ပန်းလှိုင်မြစ်ရေ မြင့်တက်လာတာကြောင့် ပြည်သူတွေစိုးရိမ်နေရတယ်လို့ ညောင်တုန်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ညောင်တုန်းမြို့နယ်ဟာ ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်တို့ ဆုံရာဖြစ်ပြီး စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်နေပြီလို့ ဒေသခံကပြောပါတယ်။
“မြစ်ကြီးနားဘက်မှာ ဒီနှစ်ရေကြီးတော့ အဲ့ရေတွေက အခုဒီဘက်ကို စီးလာတာ။ ဒီဘက်က ပင်လယ်နဲ့နီးတယ်။ ဒီရေအတက်အကျရှိတော့ ဒီဘက်ရောက်ရင် ရေကတော်တော်နဲ့ကျမှာ မဟုတ်ဘူး”လို့ ဒေသခံကပြောပါတယ်။
မနေ့ကညောင်တုန်းမြို့နယ်ရှိ ပန်းလှိုင်မြစ်ရဲ့ ရေအမှတ်ဟာ ၂၄.၇၅ပေ ရှိပြီး မြစ်ကမ်းတာအမြင့် ပေ(၃၀) ရှိတယ်လို့ ဆိုပါတယ်။
စိုးရိမ်ရေအမှတ်ကတော့ ၂၂.၅ပေ၊ အန္တရာယ်ရှိရေအမှတ် ၂၄.၅ပေ၊ မိုးရေချိန် ၁.၁၅လက်မ သတ်မှတ်ထားတာကြောင့် အန္တရာယ်ရေအမှတ်ထက်ကျော်လွန်နေတာပါ။
“၂၄ဆိုတော့ အန္တရာယ် ရေအမှတ်ပေါ့။ တာဘောင်နဲ့ကပ်နေပြီပေါ့”လို့ ညောင်တုန်းမြို့ ဒေသခံက ဆိုပါတယ်။
ညောင်တုန်းမြို့ မြေအနိမ့်ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်က ပြည်သူတချို့ကတော့ အမြင့်ပိုင်းကို ရွှေ့နေကြပြီး မြို့ထဲကိုရေဝင်ဖို့ ငါးပေဝန်းကျင်ကျန်သေးတယ်လို့ ဒေသခံကပြောပါတယ်။
၂၀၁၆ တုန်းက ညောင်တုန်းမှာ ရေကြီးခဲ့ပြီးတဲ့နောက်ပိုင်း အခုအကြိမ်ပြန်လည်ကြုံတွေ့ရတာလို့ ဒေသခံကပြောပါတယ်။
ပန်းလှိုင်မြစ်ကမ်းပါးတွေဟာ နှစ်စဉ် ကမ်းပါးပြိုကျပြီး လူနေအိမ်တွေ မျောပါတာတွေ၊ ရွှေ့ပြောင်းရတာတွေ ဖြစ်နေကျပါ။
ဒီနှစ် မြန်မာပြည်အထက်ပိုင်းမှာ မြစ်ရေကြီးမှုတွေဖြစ်ပွားနေတာကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်က မြင်းမူ၊ ညောင်ဦး၊ ပခုက္ကူ၊ ချောက်၊ မင်းဘူး၊ မကွေး၊ ပြည်၊ အောင်လံ စတဲ့မြို့တွေမှာ စိုးရိမ်ရေအမှတ်ကျော်လွန်နေပြီး ဧရာဝတီတိုင်း ဟင်္သာတနဲ့ ဇလွန်မြို့တွေလည်း စိုးရိမ်ရေအမှတ်ကျော်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ – မနေ့က မြင်တွေ့ရတဲ့ ညောင်တုန်းမြို့ ပန်းလှိုင်မြစ်
ဓါတ်ပုံ – Mawkun Magazine

