ကျိုက်မရော – ၂၀၂၄ ဇူလိုင် ၂၀ (မော်ကွန်း)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ်နဲ့ လွှစင်ကုန်းလမ်းဆုံကို မနေ့နံနက်ပိုင်းကအာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၃ ဦးသေဆုံးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
လတ်တလောမှာ ပေါင် ၃၀၀ ဗုံးလို့ ယူဆထားပြီး ကြဲချခဲ့တဲ့ ဂျက်ဖိုက်တာတွေဟာ ဒီနေ့ နံနက် ၁၀ နာရီဝန်းကျင်မှာ နေပြည်တော်အေလာလေတပ်က ထွက်လာတဲ့ လေယာဉ်တွေဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ရရှိထားတဲ့ အလောင်းတွေထဲမှာ ၁၄ နှစ်အောက် ကလေးသုံးဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးပါ ပါဝင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ကျိုက်မရောမြို့နယ်မှာ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားပါတယ်။
အခုနှစ် မတ်လကုန်တုန်းကလည်း ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်းတွေကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အိမ်ခြေ ၃၀၀ ဝန်းကျင် မီးလောင်ခဲ့ရပြီး အရပ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ရပါတယ်။

