လားရှိုး- ၂၀၂၄ ဇူလိုင် ၅ (မော်ကွန်း)
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ သေနတ်သံတွေမနေ့ကလောက်မကြားရတော့ပေမယ့် အများစုကမြို့ကိုစွန့်ခွါနေကြပြီလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရာပေါင်းများစွာသောကားတွေဟာ အလံဖြူတွေထောင်ကာ မန္တလေးနဲ့ တောင်ကြီးမြို့ဘက်တွေကို စစ်ရှောင်ဖို့ သွားနေကြပြီး လမ်းပျက်တာ၊ တံတားကျိုးနေတာတွေကြောင့် အနည်းဆုံး နှစ်ရက်နဲ့ သုံးရက်လောက် အချိန်ပေးသွားနေကြရတယ်လို့ လားရှိုးဒေသခံတချို့က ပြောပါတယ်။
စစ်ဘေးရှောင်ကြသူတွေဟာ လားရှိုး-သီပေါလမ်းပိုင်းကတဆင့် ကျေးလတ်လမ်းတွေကို အသုံးပြုကာ ရှမ်းပြည်တောင်ပိုင်းဘက်ကို ဖြတ်ကူးပြီး တောင်ကြီးနဲ့ မန္တလေးလို မြို့တွေဘက်ကို စစ်ရှောင်နေကြတာလို့ သူတို့ကဆိုပါတယ်။
“ စစ်ကောင်စီရဲ့ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားနေရပေမယ့် အရင်နေ့တွေတုန်းကလောက်မဆိုးတော့ဘူး။ ဒါပေမဲ့ လူတွေကတော့ အလုံးအရင်းနဲ့ကို စပြီးပြေးနေကြတာ တွေ့ရတယ်” လို့ လားရှိုးမြို့အထွက်နားက အမှတ်(၄၁) ခြေလျင်တပ်ရင်းနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့တွင်းကိုပါ လက်နက်ကြီးတွေကြခဲ့တဲ့အတွက် လားရှိုးမြို့ အမှတ်(၁) ရပ်ကွက်နဲ့ အမှတ်(၉) ရပ်ကွက်တွေမှာ အနည်းဆုံး လူတစ်ဒါဇင်လောက် သေဆုံးခဲ့ပြီးပါပြီ။
ပြီခဲ့တဲ့ ဇွန် ၂၅ ရက်မှာ ‘၁၀၂၇- စစ်ဆင်ရေး’အပိုင်း(၂) အဖြစ် ညီနောင်မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေရာမှာ ရှမ်းမြောက်က စစ်ကောင်စီထိန်းချုပ်မြို့တွေဖြစ်တဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေမှာပါ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ဒီစစ်ဆင်ရေးကို ရှမ်း-မန်းစစ်ဆင်ရေးလို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဒီနေ့ မနက်ပိုင်းမှာ တွေ့ရတဲ့ လားရှိုးစစ်ရှောင်ကားတန်းများ။
ဓါတ်ပုံ- AKM

