ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၉ (မော်ကွန်း)
ပဲခူးမြစ်ရေဟာစိုးရိမ်ရေအမှတ်ရောက်နေပြီး မြစ်ကမ်းဘေးနေထိုင်သူတွေ နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေက်ို ရွှေ့ပြောင်းဖို့လုပ်သင့်ပြီလို့မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“မနက်ဖြန်ကိုစိုးရိမ်ရေအမှတ်ကျော်ဦးမယ်ဆိုတော့ ပဲခူးမြစ်ရေကဆက်တက်နေဦးမယ်။…
“အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ဆေးဝါးတွေသိမ်းဆည်းထားရမယ်။ စိုးရိမ်ရေအမှတ်သတင်းတွေကိုအမြဲနားစွင့်ထားသင့်တယ်။” လို့သူကပြောပါတယ်။
ပဲခူးမြစ်ရေဟာ နောက်၂၄ နာရီမှာ စိုးရိမ်ရေအမှတ်ကိုကျော်လွန်ဖို့ရှိတယ်လို့ မိုးဇလကပြီးခဲ့တဲ့နာရီပိုင်းအတွင်းကထုတ်ပြန်ပါတယ်။
ပဲခူးရိုးမကနေမြစ်ဖျားခံစီးဆင်းတဲ့ပဲခူးမြစ်ဟာ ရန်ကုန်မြစ်အတွင်းစီးဆင်းတာကြောင့် ရန်ကုန်မြစ်မှာလည်းရေတက်လာနိုင်တယ်လို့ ဦးလှထွန်းကပြောပါတယ်။ ဒါကြောင့်ပဲခူးမြစ်အပြင် ရန်ကုန်မြစ်အနီးနေထိုင်သူတွေလည်းဂရုပြုသင့်တယ်လို့သူကပြောပါတယ်။
လက်ရှိကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေလို့ ပဲခူးတိုင်းဒေသကြီးအပါအဝင်ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့တွေမှာတော့စံချိန်တင်မိုးကြီးခဲ့တယ်လို့ဦးလှထွန်းကပြောပါတယ်။
မိုးကြီးပြီးရက်ဆက်မိုးရွာသွန်းနေတဲ့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က မြို့နယ်ရှစ်မြို့နယ်မှာရေကြီးမှုတွေဖြစ်နေပြီး လူသုံးသိန်းနီးပါးဟာရေဘေးဒဏ်ကြုံနေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ထားပါတယ်။
#Dailynews

