ကျောက်မဲ – ၂၀၂၄ ဇွန် ၂၅ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာ ဒီနေ့မနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ တအောင်းတပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရထားတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတွေနဲ့ ကျောက်မဲမြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA အဖွဲ့တွေဟာ ကျောက်မဲမြို့ပေါ်မှာ ဒီနေ့မနက် ၆ နာရီကနေ ၈ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အနည်းငယ်ပြန်ငြိမ်သွားတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။
“အခုဖြစ်နေတာက ကျောက်မဲမြို့ပေါ်မှာဖြစ်နေတာ။ အခုကတော့ အကြီးအကျယ်တော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် ထိုးစစ်ဆင်မယ့်အနေအထားတော့ လောလောဆယ်အဲဒီလိုဖြစ်နေတယ်။ မြို့ပေါ်မှာကတော့ အခုလောလောဆယ်တော့ ဆိုင်တွေအကုန်လုံးပိတ်ပေါ့။ မြို့ကတော့ ခြောက်ကပ်သွားတာပေါ့။ စစ်ရှောင်တယ်ဆိုတဲ့သဘောပဲပေါ့။ အိမ်တံခါးပိတ်ပြီးတော့ အိမ်အတွင်းထဲမှာပဲနေရတာပေါ့” လို့ သူကပြောပါတယ်။
ကျောက်မဲမြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်ကနေရာအနှံ့မှာပါ တိုက်ပွဲဖြစ်နေတာကြောင့် မြို့ခံတွေအနေနဲ့ အခြားဒေသတွေကို စစ်ရှောင်လို့မရဘဲ နေအိမ်တွေမှာပဲ တံခါးပိတ်နေရတယ်လို့ သူကပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်တဲ့ လက်နက်တွေကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးကပြောပါတယ်။
“ဗုံးပစ်လိုက်တော့ အဲဒီပြည်သူအိမ်တံခါးပေါက်မှာ ထိမှန်သွားတာပေါ့။ နောက်တစ်ယောက်ကတော့ ဘယ်ကနေပစ်လိုက်လည်းမသိဘူး။ သေနတ်ကျည်ဆန်ခေါင်းကိုထိသွားတယ်။ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ပါ။ လောလောဆယ်တော့ သေဆုံးတဲ့သူနှစ်ယောက်ပေါ့နော်။ ကျန်တဲ့ဟာကတော့ သာမန်ဒဏ်ရာပေါ့။ အစမှန်တာ၊ စိုးရိမ်ဒဏ်ရာမရှိဘူး၊လေးယောက်ပေါ့” လို့ ၎င်းကပြောပါတယ်။
မြို့ပေါ်တိုက်ပွဲဖြစ်နေတာကြောင့် စစ်ကောင်စီဘက်က တိုက်လေယာဉ်ပျံဝဲတာရှိပေမယ့် ဗုံးကြဲတာတော့ မကြားရသေးဘူးလို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲအနည်းငယ်ငြိမ်သွားပေမယ့် လက်နက်ကြီးပစ်ခတ်သံ၊ ပေါက်ကွဲသံတွေတော့ ကြားနေရဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဟိုင်ဂင်သဘောတူညီချက်ကို ဖောက်ဖျက်ပြီး TNLA ထိန်းချုပ်ဒေသတွေမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာလို့ လူထုအနေနဲ့ ထိခိုက်နစ်နာမှုတွေရှိလာရင် အကောင်းဆုံးခုခံကာကွယ်သွားမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က Ta’ang TV နဲ့အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ကျောက်မဲမြို့ပေါ်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
TNLA သတင်းနဲ့ပြန်ကြားရေးဌာနကတော့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းမှာ စစ်ကောင်စီတပ်နဲ့ TNLA အဖွဲ့တွေ ဒီနေ့မနက်တိုက်ပွဲဖြစ်ပွားခဲ့သလို နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုထားပါတယ်။
ပုံစာ-TNLA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-PSLF/TNLA

