ရန်ကုန် – ၂၀၂၄ ဇွန် ၂၀ (မော်ကွန်း)
အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ထားတဲ့ မောင်တောမြို့အနီးမှာ မနေ့ကစပြီး နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ AA တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။
မောင်တောမြို့အဝင် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ၊ နခခ (၅) တပ်ရင်းအနီးမှာ တိုက်ပွဲပြင်းထန်နေသလို မောင်တောမြို့တောင်ဘက်က မြို့အဝင်လမ်းပေါ်မှာရှိတဲ့ ညောင်ချောင်း၊ ပန်းတောပြင် စတဲ့ကျေးရွာတွေအနီးမှာလည်း မနေ့ကညပိုင်းကနေ ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မောင်တောမြို့ခံတစ်ဦးကပြောပါတယ်။
“မြို့အဝင်လမ်းနှစ်ဖက်ကနေ တစ်ပြိုင်နက် နှစ်ဖက်ညှပ်ပြီး ဝင်တိုက်နေတာ။ နောက်ဆုံးကြားရတာတော့ မောင်တောနဲ့ နှစ်မိုင်သုံးမိုင်လောက်ပဲ လိုတော့တဲ့ နေရာတွေမှာ AA တပ်တွေခြေကုပ်ယူထားပြီ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း နတ်မြစ်ထဲကနေ စစ်သင်္ဘောတွေနဲ့ပစ်ခတ်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ပစ်ခတ်နေပြီး ဒေသခံတွေထိခိုက်တာတွေရှိပေမယ့် အသေးစိတ်ကိုတော့မသိရသေးဘူးလို့ ၎င်းဒေသခံက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ မောင်တောမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမှာဖြစ်တဲ့အတွက် ဒေသခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ ယခုလ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ မောင်တောမြို့ကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းတွေနဲ့ တပ်စခန်းအားလုံးနီးပါးကို AA တပ်တွေက သိမ်းပိုက်ထားပြီး မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကိုလည်း ဝိုင်းရံပိတ်ဆို့ထားတယ်လို့ AA က ထုတ်ပြန်ထားတာပါ။
မွတ်ဆလင်အများစုနေထိုင်တဲ့ မောင်တောမြို့မှာ ဒေသခံထောင်နဲ့ချီကာ မြို့တွင်းပိတ်မိနေကြပြီး စစ်ကောင်စီကလည်း မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
AA အနေနဲ့ မောင်တောမြို့နယ်နဲ့ တစ်ဆက်စပ်တည်းဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးကိုလည်း ပြီးခဲ့တဲ့လကုန်ပိုင်းက သိမ်းပိုက်လိုက်နိုင်ပြီး မောင်တောဒေသကိုပါ ထပ်မံသိမ်းပိုက်နိုင်ဖို့ အခုလို ထိုးစစ်ဆင်လာတာပါ။
အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစတင်ကာ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ကိုးခုကို လက်တလောမှာ သိမ်းပိုက်ထားနိုင်တာပါ။
ဒါ့ပြင် ကျန်ရှိနေသေးတဲ့ စစ်တွေ၊ မောင်တောနဲ့ အမ်းမြို့နယ်တွေအပါအဝင် ကျန်မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ AA တပ်တွေအကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။
ပုံစာ – မောင်တောမြို့နယ် အင်းဒင်နယ်ခြားစောင့်စခန်းကို သိမ်းယူထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – AA Info Desk

