ဆီဆိုင်မြို့ကို စစ်ဘေးရှောင်တချို့ပြန်လာပေမယ့် အလုပ်အကိုင်တွေပြန်မစနိုင်သေးတာကြောင့် စားဝတ်နေရေးခက်ခဲနေကြ

ဆီဆိုင်မြို့ကို စစ်ဘေးရှောင်တချို့ပြန်လာပေမယ့် အလုပ်အကိုင်တွေပြန်မစနိုင်သေးတာကြောင့် စားဝတ်နေရေးခက်ခဲနေကြ

ရန်ကုန် – ၂၀၂၄ ဇွန် ၂၀ (မော်ကွန်း)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာတာရှိပေမယ့် စားဝတ်နေရေး ခက်ခဲနေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း မစတင်နိုင်သေးဘူးလို့ ဒေသခံတချို့က‌ ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေမှာ ယခုနှစ်စပိုင်းက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့ပေါ်ထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲဒီအတွက် ဆီဆိုင်မြို့ဒေသခံအများစုဟာ နီးစပ်ရာတောတောင်တွေအပါအဝင် ဘေးလွတ်ရာတွေကို ထွက်ပြေးခဲ့ကြရပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားတာကြောင့် စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာခဲ့ကြပါတယ်။

ဆီဆိုင်မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေလည်း ပြီးခဲ့လကုန်ပိုင်းမှာ ပြန်လည်ရရှိလာပေမယ့် ဒေသတွင်းအခြေအနေတွေက တည်ငြိမ်မှုမရှိသေးသလို စိုက်ပျိုးရာသီဖြစ်ပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေလည်း စတင်နိုင်ခြင်းမရှိသေးဘူးလို့ ဆီဆိုင်မြို့ဒေသခံတချို့က ပြောပါတယ်။

ဆီဆိုင်မြို့အနီးတစ်ဝိုက်က တောင်တန်းတွေနဲ့ လယ်ယာစိုက်ခင်းအနီးတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်စွဲထားသလို တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေနဲ့ မိုင်းအန္တရာယ်တွေကြောင့် ဒေသခံတွေဟာ လယ်ယာစိုက်ပျိုရေးလုပ်ငန်းခွင်တွေကို ဝင်ရောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆီဆိုင်မြို့မှာ ပြန်လည်နေထိုင်နေသူတစ်ဦးက ပြောပါတယ်။

“တချို့လည်း နေရပ်ပြန်လာပေမယ့် နေစရာအိမ်ကမရှိတော့ဘူး။ လယ်ယာခင်းတွေကိုသွားတဲ့ တောင်တွေဟာလည်း မလုံခြုံဘူး။ ရွာတွေကလူတွေလည်း မျိုးစေ့ဝယ်ဖို့၊ မြို့တက်ဖို့က အဆင်မပြေဘူး။ လူမှုစီးပွားတွေလည်း ပုံမှန်မဖြစ်သေးဘူး။ တိုက်ပွဲတွေလည်း အနီးတဝိုက်ရွာတွေမှာ ရှိနေတုန်းပဲ” လို့ ၎င်း ဒေသခံက ပြောပါတယ်။

ဆီဆိုင်မြို့တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသေးသလို ဒေသခံတွေဟာ စစ်ပွဲလက်ကျန် မိုင်းနင်းမိတာကြောင့် အသက်ဆုံးရှုံးသွားတာတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတာတွေလည်း မကြာခဏဖြစ်ပွားနေတာပါ။

ယခုလ ၁၃ ရက်ကလည်း ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာရဲ့ အရှေ့ဘက်မှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

ယခုလ ၁၈ ရက်ကလည်း ဆီဆိုင်မြို့နယ်ထဲက လွယ်မောတောင်ခြေအနီးရှိ ထမ်းယံတိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့ပေါ်မှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အကိုင်တွေဟာ မလည်ပတ်နိုင်သေးသလို အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပြီး စစ်ဘေးရှောင်သွားတဲ့ ဒေသခံအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ပဲ နေရပ်ပြန်နိုင်သေးတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“ပြန်လည်ထူထောင်ဖို့က တော်တော်လေးလုပ်ရအုံးမယ်။ ပြာကျသွားတဲ့ အိမ်တွေလည်း အများကြီးပဲ။ လယ်ယာလုပ်ငန်းခွင်လည်းမဝင်နိုင်၊ တခြားစီးပွားရေးတွေလည်း မစနိုင်သေးဘူး။ အထောက်အပံ့ကလည်း ဒီဘက်က ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆန်တို့၊ ဆီတို့ ပေးတာလောက်ပဲ ရှိတယ်။ အဲဒါကလည်း ပြည်သူအချင်းချင်း လှူတဲ့ဟာလေးတွေပဲပေါ့” လို့ ၎င်း က ပြောပါတယ်။

ယခုနှစ်နှစ်စပိုင်းက ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကာ ဆီဆိုင်မြို့ပေါ်က စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေ၊ ရဲစခန်းတွေအထိ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ကလည်း မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဆီဆိုင်မြို့နဲ့ အနီးပတ်ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဧပြီလပိုင်းမှာတော့ ဆီဆိုင်မြို့ကို ပြန်ထိန်းချုပ်ကာ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာပါ။

အဲဒီဒေသအတွင်းမှာ တိုက်ပွဲတွေကြောင့် အရပ်သား ၇၅ ဦးထိ သေဆုံးခဲ့ပြီး လူ ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ ခြောက်သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပုံစာ – စစ်ဘေးရှောင်တွေ နေရပ်ပြန်လာပြီဖြစ်တဲ့ ဆီဆိုင်မြို့မြင်ကွင်း
ဓာတ်ပုံ – Khun Rar

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."