မင်းကင်း-၂၀၂၄ ဇွန် ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီးက မတောရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ဒီနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်လို့ ၁၀ ဦးထက်မနည်းသေဆုံးသလို ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံတချို့က မော်ကွန်းကိုပြောပါတယ်။
“ PDF မင်္ဂလာဆောင်ပေါ့။ အဲဒီ မင်္ဂလာဆောင်ကို ဗုံးနှစ်လုံးကြဲတိုက်ခိုက်သွားတာ လူအသေအပျောက်က တော်တော်များတယ်။ အခုလက်ရှိကို ၁၀ ယောက်ကျော်နေပြီ၊ ခန့်မှန်းချေဆို နှစ်ဆယ်ကျော်လောက်မယ်။ ခြေပြတ်လက်ပြတ်တွေကို တော်တော်များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သတို့သား၊ သတို့သမီးပါ သေဆုံးသွားတယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို သူကဆက်ပြောပါတယ်။
“ဗုံးကြဲခံရပြီး ပေါက်ကွဲတဲ့အသံ မြို့ပေါ်ကနေပါကြားရတယ်။ အိမ်တွေပါတုန်သွားတာ”လို့ မင်းကင်းမြို့ခံတစ်ဦးကလည်း ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မတောရွာဟာ မင်းကင်းမြို့အနီးမှာရှိတဲ့ရွာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မင်းကင်းမြို့ပေါ်က စစ်ကောင်စီတပ်တွေက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ ရွာခံတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုနဲ့ပက်သတ်ပြီး ထိခိုက်သေဆုံးမှုစာရင်း အသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပုံစာ-စစ်ကောင်စီလေတပ်ရဲ့ လေယာဉ်တစ်စီးကို အာဏာသိမ်းစစ်ခေါင်းဆောင် ကြည့်ရှု့နေစဉ်။
ဓာတ်ပုံ-moi

