ကော့ကရိတ် – ၂၀၂၄ ဇွန် ၁ (မော်ကွန်း)
ကေအဲန်ယူ၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့တောင်ပိုင်း၊ ကမိုင်ကုန်းရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ လူငယ်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာရခဲ့ပါတယ်။
မနေ့က နံနက်ပိုင်း လယ်ထဲကို အလုပ်ဆင်းဖို့ ပြင်ဆင်နေချိန်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ၁၈ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ၁၃ နှစ်အရွယ်ကတော့ ဒဏ်ရာရခဲ့လို့ ဆေးရုံတင်ထားရပါတယ်။
တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ ရွာထဲကို ဗုံးကြဲချတာလို့ ဒေသခံကပြောပါတယ်။
ကော့ကရိတ်မြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ရယူပြီးတဲ့နောက် မြို့တောင်ပိုင်းကိုပါ ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် ကမိုင်ကုန်း၊ ရွာသစ်၊ ကော့နွဲ့စတဲ့ရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲပါ။
ကမိုင်ကုန်းဖြစ်ရပ်လိုပဲ အခုနှစ် ဧပြီ ၁၈ ရက်ကလည်း ကမိုင်ကုန်းနဲ့မဝေးတဲ့ မြို့ဟောင်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချလို့ ရွာရဲ့ ကျောင်းထိုင်ဆရာတော်ဟာ ဆွမ်းဘုန်းပေးနေရင်း ထိခိုက်ပြီး ပျံလွန်ခဲ့ရပါတယ်။
ကော့ကရိတ်ကနေ ဆက်ထွက်သွားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကတော့ ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်အကြား ဒေါနတောင်ကြောပေါ်မှာ ပိတ်မိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ခံနေရတာ အခုဆို နှစ်လလောက်ရှိလာပါပြီ။
နှစ်ဘက်တိုက်ပွဲတွေနဲ့ စစ်တပ်ဘက်က အရပ်သားနေထိုင်ရာ နေရာတွေကိုပါ လက်နက်ကြီးနဲ့ပစ်တာ၊ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကော့ကရိတ်ဒေသမှာ စစ်ရှောင်အနည်းဆုံး သုံးသောင်းဝန်းကျင်ရှိနေပါတယ်။
ပုံစာ – ဗုံးကြဲခံရလို့ သေဆုံးတဲ့ လူငယ်
ဓာတ်ပုံ – ပေးပို့

