ရန်ကုန်-၂၀၂၄ မေ ၂၄ (မော်ကွန်း)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က မစောတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ခရီးသည်တင်ကားတွေ ယနေ့ထိ မပေးဆွဲနိုင်သေးဘူးလို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတွေက မော်ကွန်းကိုပြောပါတယ်။
“အခုလောလောဆယ်တော့ ကားတွေမထွက်သေးပါဘူး။ ပြန်ထွက်နိုင်မယ့်ရက်လည်း အတိအကျတော့ ပြောလို့မရသေးပါဘူး။ လမ်းကြောင်းအခြေအနေပေါ်မူတည်ပါတယ်”လို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းက JJ Express လက်မှတ်အရောင်းဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မစောတံတားအနီးက ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ အဝေးပြေးကားတချို့နဲ့ အိမ်စီးယာဉ်ငယ်တွေက ရွာချင်းဆက်လမ်းတွေကနေ ရှောင်ကွင်းသွားလာနေကြပေမယ့် ခရီးသည်တင်ယာဉ်တွေတော့ မပြေးဆွဲနိုင်သေးပါဘူး။
ရန်ကုန်-ဘားအံကုန်ကားမောင်းသူတစ်ဦးကလည်း ရွာချင်းဆက်လမ်းတွေကနေသွားလာနေရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။
“သွားတာက သွားလို့ရတယ်။ ဘီးလင်းတိုးဂိတ်နားကနေ ရွာကွင်းလမ်းရှိတယ်။ ရွာလမ်းသုံးလို့ ရွာကို နှစ်သောင်းသုံးသောင်းပေးပြီးသွားလို့ရတယ်။ ဒါပေမယ့်လမ်းကျဉ်းတော့ ဟိုဘက်ဒီဘက်ကားထိပ်တိုက်တွေ့ရင် သွားမရတော့ဘူး။ ခရီးသည်တင်ကားတွေသွားတာတော့မတွေ့သေးဘူး”
ရွာချင်းဆက်လမ်းတွေကနေ သွားတဲ့အခါမှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အန္တရာယ်များတဲ့အပြင် လမ်းကျဉ်းတာကြောင့် အချိန်ပိုကြာသလို ကားလမ်းပိတ်ဆို့မှုတွေဖြစ်တယ်လို့ ကားသမားတွေကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်မော်လမြိုင်ကားလမ်းအသုံးပြုမရတာကြောင့် ရထားစီးနင်းတဲ့ခရီးသည်ပိုများလာသလို အခုလ ၁၃ ရက်ကစပြီး ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် ယခင်ကတစ်ရက်တစ်ကြိမ်သာပြေးဆွဲရာကနေ ယခုတစ်ရက်နှစ်ကြိမ်တိုးချဲ့ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားက ဆိုပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတားဟာ မနေ့က မနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး တံတားကျိုးကျချိန် တံတားပေါ်ဖြတ်သန်းနေတဲ့ ဆိုင်ကယ်သုံးစင်းပြုတ်ကျကာ လူတစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။
ပုံစာ-မနေ့က မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွားတဲ့ မစောတံတားနဲ့ တံတားအောက်ကျသွားလို့ ထိခိုက်သေဆုံးသူတချို့။
ဓာတ်ပုံ-ဘုရားသုံးဆူသတင်းပေါင်းစုံ။

