ရန်ကုန်-၂၀၂၄ မေ ၂၃ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာကာ မနက်ဖြန် မေ ၂၄ ရက်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပြီး အဲဒီအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တင်္နသာရီ၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။
မိုးလေဝသလေ့လာခန့်မှန်းသူတချို့ကတော့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကို စတင်ရောက်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်တွေကို ရောက်ရှိနိုင်ပေမယ့် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်နိုင်မယ့် အခြေအနေမရှိကြောင်း တွေ့ရတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိုးဇလရဲ့ ဒီနေ့ညနေအထိခန့်မှန်းချက်မှာတော့ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တင်္နသာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွှေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေကျတာတွေဖြစ်နိုင်လို့ သတိထားကြဖို့ နှိုးဆော်ထားပါတယ်။
မနှစ်က မေလ ၁၄ ရက်ကလည်း ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အပါအဝင် တိုင်းတချို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ပြင်းထန်ခဲ့ပြီး အခုအချိန်ထိ ပြန်လည်ကုစားမှုတွေလုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ပုံစာ-ရန်ကုန်မြို့တွင်းမှာ မိုးသည်းထန်စွာရွာသွန်းလို့ လမ်းမတွေပေါ်ရေလျှံနေတဲ့မြင်ကွင်း။
ဓာတ်ပုံ-mawkun

