တောင်ကြီး – ၂၀၂၃ မေ ၈ (မော်ကွန်း)
ရှမ်းပြည််နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပင်းပက်သံမဏိစက်ရုံကို ၂၀၂၃/၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြန်လည်ပတ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က အပူတပြင်းလုပ်ဆောင်နေကြောင်း ဒေသခံတွေဆီကစုံစမ်းသိရှိရပါတယ်။
ပင်းပက်(အမှတ် ၂ ၊ သံမဏိစက်ရုံ)ကနေ မြင်းခြံ(အမှတ် ၁ သံမဏိစက်ရုံ)ကို သတ္တုသံရိုင်းတွေ ပို့ဆောင်နိုင််ဖို့ ရထားလမ်းတွေလည်း ဖောက်လုပ်နေပြီး စက်ရုံရဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာ ပြင်ဆင်၊ တပ်ဆင်မှုနဲ့ ဝန်ထမ်းသစ်တွေ ခေါ်ယူမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေက ဖော်ပြကြပါတယ်။
“ပြီးခဲ့တဲ့မတ်လက မင်းအောင်လှိုင် ကိုယ်တိုင်လာသွားတယ်။ စက်ရုံနားတွေမှာ ရဟတ်ယာဉ်တွေ ဝဲနေတယ်။ ဌာနဆိုင်ရာဝန်ကြီးတွေရော၊ တိုင်းမှူးတွေရော ပါလာတယ်။ ဒီစက်ရုံလည်ပတ်ဖို့ သူတို့တော်တော်အားစိုက်နေတာတွေ့ရတယ်ပေါ့။ ရထားလမ်းတွေလည်း တော်တော်များများဖောက်လုပ်ပြီးစီးနေပြီ။ သံတွေလည်း တပ်ဆင်နေပြီ။ ဘူတာလို တိုက်အပုအဆောက်အအုံပုံစံမျိုးလည်း တွေ့နေရတယ်” ဟု ပင်းပက်ဒေသခံတစ်ဦးကပြောပါတယ်။
ပင်းပက်သံမဏိစက်ရုံဟာ ရုရှားအစိုးရပိုင်ဖြစ်တဲ့ TPE ကုမ္ပဏီ နဲ့ မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) တို့ ပူးပေါင်းပြီး ၂၀၀၅ မှာစတင်အကောင်ထည်ဖော်ခဲ့စက်ရုံဖြစ်ပါတယ်။
ရထားလမ်းဖောက်လုပ်စဥ်မှာလည်း သီးနှံပင်များ ဖျက်ဆီးခံခဲ့ရတဲ့အပြင် ဒေသခံတွေရဲ့ မြေယာအများပြားပါသိမ်းဆည်းခံခဲ့ရကြောင်း ဒေသခံရဲ့ပြောကြားချက်အရသိရပါတယ်။
” တချို့ မြေအများကြီး ပါသွားတဲ့သူက လျော်ကြေးနည်းနည်းပဲရတယ်။ တချို့မြေနည်းနည်းပဲ ပါတဲ့သူက လျှော်ကြေးအများကြီးရနေတယ်။ မျှတမှု မရှိနေဘူးပေါ့။ ဒါကို မျှတအောင် တချို့က ပြန်လုပ်စေချင်ကြတယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။
ဒီစက်ရုံ ပြန်လည်ပတ်ပါက ဒေသခံတွေမှီခိုနေရတဲ့ နမ်းတဘက်ချောင်းရေတွေ ညစ်ညမ်းပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေးတွက် ထိခိုက်လာနိုင်ကာ စက်ရုံရဲ့ အနံ့အသက်ဆိုးတွေကြောင့်လည်း ဒေသခံတွေ ကျန်းမာရေး ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
“စကစက ပင်းပက်စက်ရုံကို ပြန်လည်ပတ်ဖို့ ကြိုးစားနေတာဟာ သူတို့အာဏာသိမ်းမှုကို ရုရှားရဲ့ ထောက်ခံမှုရအောင် ရုရှားနဲ့ ဆက်ဆံရေးပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်ချင်တာပါမယ်။ ဒီစက်ရုံက ရုရှားအစိုးရပိုင်ကုမ္ပဏီ နဲ့ ပူးပေါင်းလုပ်တာဆိုတော့ ” လို့ ပင်းပက်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဒီချုပ်အစိုးရလက်ထက်က ပင်းပက်စက်ရုံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဒေသခံတွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင်တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပြီး အစိုးရဌာနဆိုင်ရာတွေနဲ့ပါ တွေ့ဆုံဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပါတယ်။
ပင်းပက်သံမဏိစက်ရုံကို၂၀၁၇ NLD အစိုးရလက်ထက် ဘဏ္ဍာရေးနဲ့ နည်းပညာအခက်ခဲကြောင့် ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရဆိုင်းငံ့ထားခဲ့ပါတယ်။
အမြော်အမြင်မရှိဘဲ စက်ရုံရပ်နားထားတာကြောင့် တိုင်းပြည်နစ်နာဆုံးရှုံးမှုများကြုံခဲ့ရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက်မှာပြောခဲ့ဖူးပါတယ်။
အဲဒီနောက် ၂၀၂၁ အောက်တိုဘာ ၄ ရက်မှာ ပင်းပက်စက်ရုံကို ပြန်လည်ပတ်ရန် စတင်ကြိုးစားလာခဲ့တာပါ။
မြေဧက ၅,၀၀၀ ကျော်ပေါ်မှာ စက်ရုံတည်ဆောက်ထားတာဖြစ်ပြီး Pig Iron နဲ့ Hematite Iron Ore အမျိုးအစားတွေကို ထုတ်လုပ်နေတာပါ။
ပုံစာ – ပင်းပက်သံမဏိစက်ရုံလည်ပတ်ရန်ပြင်ဆင်နေမှုများအားတွေ့ရစဉ်
ဓါတ်ပုံ – Supplied
#Dailynews

