ကော့ကရိတ် – ၂၀၂၄ မေ ၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့ကို ပြန်လည်ရယူပြီးတဲ့နောက် မြို့မှာပြန်လည်နေထိုင်ကြဖို့ ခေါ်ယူနေပေမယ့် နေဖို့မဖြစ်နိုင်ကြောင်း စစ်ရှောင်နေရတဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
ပြီးခဲ့တဲ့လဆန်းကစလို့ မြဝတီမြို့က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတွေကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ရယူဖို့ကြိုးစားနေချိန်မှာ တပ်မ ၅၅ ဟာ စစ်ကူအဖြစ် ဝင်ရောက်လာပြီး လေကြောင်းအကူအညီနဲ့ ကော့ကရိတ်မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၁ ရက် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကစလို့ မြို့ပေါ်ရပ်ကွက်တွေအပါအဝင် ထိစပ်နေတဲ့ ကျေးရွာတွေအားလုံးဟာ အလျင်အမြန် စစ်ရှောင်ခဲ့ကြရတာဟာ အခုအချိန်ထိပါ။
စစ်ရှောင်တွေဟာ မြို့နဲ့အနီးဆုံးဖြစ်တဲ့ တောင်ဘက်ခြမ်း ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲကို အများစု ဝင်ရောက်လာကြသလို ကျုံဒိုး၊ မြဝတီ၊ ဘားအံစတဲ့ မြို့တွေကိုလည်း စစ်ရှောင်ခဲ့ကြရပါတယ်။
ကော့ကရိတ်တောင်ပိုင်းကို စစ်ရှောင်လာတဲ့ မြို့ခံတစ်ဦးက “ပြန်နေဖို့တော့မဖြစ်နိုင်ပါဘူး၊ နောက်ရက်ဆို သူတို့ပြောနေတာရှိတယ်၊ ဈေးဖွင့်မယ်ပေါ့၊ ဈေးဖွင့်ခိုင်းပြီး ဆိုင်ရှင်တွေကို သူတို့တွေ ဟိုဟာပြင်ဖို့ ဒီဟာပြင်ဖို့ ဓါးပြတိုက်လိမ့်မယ်”လို့ မော်ကွန်းကိုပြောပါတယ်။
ကော့ကရိတ်ဟာ ၂၀၂၃ ဒီဇင်ဘာ ၁ ရက် မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကစလို့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးဒဏ်တွေခံထားရသလို အခုရက်ပိုင်းအထိ နေ့စဉ်ဆိုသလို အာဏာသိမ်းစစ်တပ်ရဲ့ ရပ်ကွက်အလိုက် မီးရှို့မှုတွေကိုလည်း ခံထားရတာပါ။
ဧပြီလပိုင်းမှာ ဒေသခံတချို့ကို မေးမြန်းချက်အရ မြို့ဟာပျက်စီးသွားပြီး အိုးအိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေဟာလည်း နေ့စဉ်ဆိုသလို ခိုးယူခြင်းခံနေရပါတယ်။
“တချို့ကလည်း အိမ်အခြေအနေသိချင်လို့ပြန်ကြတယ်၊ တချို့လည်း ပြန်နေကြတယ်လို့သိရတယ်။ ဘယ်လိုလူတွေဖြစ်နိုင်လဲဆိုတော့ ဘားအံတို့လို မြို့တွေက စစ်ရှောင်စခန်းကလူတွေကို သူတို့အတင်းခေါ်တာမျိုးလို့သိရတယ်”လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့်မီဒီယာတွေကနေ ကော့ကရိတ်ကို စစ်တပ်ဟာ ပြန်လည်ထိန်းချုပ်လိုက်ပြီး လျှပ်စစ်မီးနဲ့ ရေရရှိရေးပြုပြင်နေတာတွေကို ဓါတ်ပုံတွေနဲ့တကွ ဖော်ပြနေပါတယ်။
အာဏာသိမ်းစစ်တပ်ကို နာကျည်းနေတဲ့ ဒေသခံတွေကတော့ ဒါတွေဟာ အပြသက်သက်သာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ပြန်လည်တိုက်ခိုက်မှာကို ကာကွယ်တဲ့အနေနဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖိအားပေးခေါ်ယူနေတာဖြစ်တယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။
ကော့ကရိတ်တောင်ပိုင်းမှာ မော်ကွန်းက လိုက်လံစုံစမ်းခဲ့တဲ့ စစ်ရှောင်တွေထဲက တချို့ဟာ သူတို့ပိုင်ဆိုင်တဲ့အိမ်တွေ မီးလောင်ပျက်စီးထားကြသလို တချို့ဟာလည်း ခုချိန်ထိ သူတို့အိမ်တွေကို ပြန်ကြည့်လို့မရတာကြောင့် ဘာဖြစ်နေလဲဆိုတာ မသိကြပါဘူး။
“ကျွန်တော်ကတော့ နောက်ရက်လောက်ပြန်ကြည့်ဦးမယ်၊ အိမ်ဘယ်လိုအခြေအနေရှိလဲဆိုတာ ခုကပြန်လို့ရတော့ သွားကြည့်ရုံပဲ၊ နေဖို့တော့မဖြစ်နိုင်ပါဘူး”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ မြဝတီနဲ့ ကော့ကရိတ်ကို ပြန်ရထားပြီမို့ အာရှလမ်းကို အရင်ထက်ပိုပြီး ထိန်းချုပ်ဖို့ ပြင်ဆင်နေပါတယ်။
ဒါကြောင့် အာရှလမ်းပေါ်က အဓိကကျတဲ့ ကော့ကရိတ်မြို့ကို ပြန်လည်သိမ်းပိုက်ထားရုံသာမကတော်လှန်ရေးတပ်ဖွဲ့တွေရှိရာ မြို့ရဲ့တောင်ဘက်ခြမ်းက ကျေးရွာတွေကို လေကြောင်းကနေ ဖိအားပေးပြီး မြေပြင်က စစ်ကြောင်းထိုးလာပါတယ်။
တကယ်တော့ စစ်ကြောင်းထိုးလာတဲ့ မြို့တောင်ပိုင်းက ကျေးရွာတွေဟာ ၂၀၂၂ လောက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အပြီးတိုင်သိမ်းယူပြီး ထိန်းချုပ်ထားတဲ့နေရာတွေပါ။
လတ်တလော စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ကော့နွဲ့၊ ရွာသစ်ကုန်း၊ ကမိုင်ကုန်း၊ ရေကျော်စတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခတ်နေသလို အတွဲလိုက် တာဝေးပစ်မစ်ဆိုင်းတွေ၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့လည်း အရပ်သားနေထိုင်ရာနေရာတွေကို ပစ်ခတ်နေပြီး အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ လတ်တလောတိုက်ပွဲတွေကြောင့် စစ်ရှောင်အနည်းဆုံး ၄၀,၀၀၀ ဝန်းကျင်ရှိနေပြီး ဒေသတွင်းမှာ နေ့စဉ် စစ်ရှောင်တွေတိုးလာတာကိုလည်း မြင်တွေ့နေရပါတယ်။
လက်ရှိ ကေအဲန်ယူတပ်မဟာတွေထဲမှာ တပ်မဟာ ၆ ဟာ စစ်ခွင်အကျယ်ဆုံးဖြစ်ပြီး မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရှိနေတာပါ။
ပုံစာ – ကော့ကရိတ်တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်များ
ဓါတ်ပုံ – မော်ကွန်း

