ဟားခါး-၂၀၂၄ ဧပြီ ၂၂ (မော်ကွန်း)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က မြို့သစ်ရပ်ကွက်မှာ ဒီနေ့ကစပြီး ဈေးဆိုင်တွေမဖွင့်ဖို့နဲ့ ဘုရားကျောင်းတွေမှာ လူငါးဦးထက်ပိုမစုဝေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလ ၁၂ ရက်က ဟားခါးမြို့ပေါ်၊ မြိုသစ်ရပ်ကွက်အတွင်းမှာ စစ်ကောင်စီရဲ့ချင်းပြည်နယ် ဝန်ကြီးတချို့လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး လူကြီးတချို့ထိခိုက်ဒဏ်ရာရလို့ အမိန့်ထုတ်ပြန်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မနက်က လမ်းတွေထဲ လိုက်ကြေညာတယ်။ ဆိုင်တွေပိတ်သွားပြီ။ ရပ်ကွက်တစ်ခုတည်းအမိန့်ထုတ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ CDF တပ်ဖွဲ့ဝင်တွေက ရပ်ကွက်ထဲက လူနေအိမ်၊ ဆိုင်ခန်းတွေနဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီးပစ်ခတ်တိုက်ခိုက်တာကြောင့် အမိန့်ထုတ်ပြန်တာဖြစ်ပြီး မလိုက်နာရင် အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဒီနေ့ထုတ်ပြန်လိုက်တဲ့အမိန့်ကို လာမယ့်ဇွန်လ ၂၀ရက်အထိ နောက်ထပ်အမိန့်မထုတ်မချင်း အတည်ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်ဝန်ကြီးတချို့လိုက်ပါလာတဲ့ယာဉ်တန်းကို တိုက်ခိုက်မှုအတွင်း ဝန်ကြီးတွေအပါအဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။
ပုံစာ-ချင်းပြည်နယ်ဟားခါးမြို့။
ဓာတ်ပုံ-Mawkun

