ရန်ကုန် – ၂၀၂၄ ဧပြီ ၁ (မော်ကွန်း)
စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်ထိန်းချုပ်ကာ ဒေသခံတွေကို မြို့တွင်းပြန်ဝင်ခွင့်ပြုထားပေမယ့် လုံခြုံရေးအခြေအနေ စိုးရိမ်ရသေးတာကြောင့် မြို့ခံအများအပြား နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် အကူအညီပေးရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့လ ၂၉ ရက်က စစ်ကောင်စီတပ်တွေ ပြန်လည် ထိန်းချုပ်လိုက်နိုင်ပြီး မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့်ချိရေးသတင်းစာကနေ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ဆီဆိုင်မြို့တွင်းဝင်တဲ့ လမ်းကြောင်းတွေကိုလည်း ပြန်ဖွင့်ပေးထားပြီး ဒေသခံတွေ နေရပ်ပြန်လာဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိမိနေအိမ်တွေနဲ့ ရပ်ကွက်အခြေအနေတွေ ပြန်လာကြည့်ဖို့ မြို့တွင်း ပြန်ဝင်လာတာတွေရှိပေမယ့် နေထိုင်ဖို့အတွက်တော့ လုံခြုံရေး စိတ်မချရသေးဘူးလို့ အဲဒီ ဒေသခံ ကပြောပါတယ်။
စစ်ကောင်စီဘက်က ဆီဆိုင်မြို့ကို ထိန်းချုပ်ထားတယ်လို့ သတင်းထုတ်ပြန်ထားသလို တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို မယုံကြည်ကြဖို့နဲ့ ဒေသခံတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူဖို့ အခုလို လုပ်ဆောင်နေတာလို့ တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် ဆီဆိုင်မြို့ဟာ စစ်မက်ဖြစ်ပွားနေတဲ့ စစ်ဇုန်အတွင်းမှာပဲရှိနေသေးပြီး ဒေသခံတွေ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိစေဖို့PNLA ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။
ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ သူရဲ့ နေအိမ်ဟာ မီးလောင်လို့ ပျက်စီးသွားပြီဖြစ်ပြီး ပြန်စရာ နေအိမ်မရှိသေးဘူးလို့ ပြောပါတယ်။
“ကျွန်တော့်အိမ်ကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်။ တစ်မြို့လုံးလည်း အကောင်းမရှိပါဘူး။ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပါ အကုန် ပျက်စီးသွားတာ၊ ပြန်လို့ရပြီဆိုရင်တောင် နေစရာကို ပြန်ထူထောင်ကြရအုံးမယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်အများစုဟာ သူတို့တိမ်းရှောင်နေတဲ့ ယာယီစစ်ရှောင်စခန်းတွေကနေပဲ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်တယ်လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေတော့ တောထဲတွေမှာပဲ ရှိနေသေးတယ်။ မပြန်ရဲသေးကြဘူး။ တိုက်ပွဲတော့ အခုရက်ပိုင်းငြိမ်သွားပြီဆိုပေမယ့် နောက်ဘယ်လောက်ထိ အခြေအနေတည်ငြိမ်မလဲ ခဏစောင့်ကြည့်ပြီးမှပဲ ပြန်လို့ရမှာပေါ့” လို့ ပြောပါတယ်။
တိုက်ပွဲကာလ နှစ်လ ကျော်အတွင်းမှာ ပစ်ခတ်မှုတွေကြောင့် မြို့ရဲ့ အထင်ကရ ဘာသာရေးအဆောက်အဦတွေအပါအဝင် လူနေအိမ် ၅၀၀ နီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆီဆိုင်မြို့ပေါ်မှာရှိပြီး ပအိုဝ်းဒေသမှာ အထင်ကရ ဘာသာရေးအဆောက်အဦဖြစ်သလို အကြီးဆုံး ဘုန်းတော်ကြီးသင် စာသင်တိုက်လည်းဖြစ်တဲ့ ဇဝနာရာမစာသင်တိုက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက ဗုံးကြဲခဲ့တာကြောင့် ကျောင်းတိုက်တစ်ခုလုံးနီးပါး ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“သံဃာငါးရာကျော်ရှိတဲ့ စာသင်တိုက်ကြီး အခု ရစရာမရှိအောင် ပျက်စီးသွားတယ်။ စစ်ဘေးရှောင်ကူတယ်ဆိုပြီး မဟုတ်မမှန်သတင်းပေးတဲ့သူက ပေးလို့ ဗုံးကြဲတယ်လို့တော့ ပြောကြတယ်” လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့လ ၂၉ ရက်ကစပြီး ဆီဆိုင်မြို့က ပျက်စီးသွားတဲ့ လူနေရပ်ကွက်တွေ၊ သာသနိက အဆောက်အဦနဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ အရေးကြီးအဆောက်အဦ တွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
ဆီဆိုင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းကစပြီး စစ်ကောင်စီစခန်းတွေကို PNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ကလည်း ဆီဆိုင်မြို့မကျရေးအတွက် လေကြောင်း၊ မြေပြင်ထိုးစစ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းတိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒေသခံတွေ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်ခဲ့ရပါတယ်။
ပုံစာ – နေအိမ်နဲ့ အဆောက်အဦအများအပြား မီးလောင်ပျက်စီးနေတဲ့ ဆီဆိုင်မြို့
ဓာတ်ပုံ – Khun Phyoelay

