မုံရွာ-၂၀၂၄ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ အထက ၅ အထက်တန်းကျောင်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး မနေ့ကမနက်ပိုင်းက ပစ်သတ်ခံရပြီးနောက် စာသင်ကျောင်းအနီးက ဒေသခံတချို့နဲ့ ကျောင်းအုပ်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ အဲဒီဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။
“သူတို့လူပစ်ခံရပြီးတော့ အဲဒီကျောင်းရှေ့က ပန်းချယ်ရီကြက်ဥ၊ ငုံးဥဆိုင်နဲ့ အဲဒီနားကလူတွေဖမ်းသွားတယ်။ သုံးယောက်ပါသွားတယ်။ သူတို့တော့ပြန်လွတ်တယ်။ ညကျတော့ အထက ၅ ကျောင်းအုပ် ဦးဇော်အေးနိုင်ကို ဖမ်းသွားတယ်။ သူကကျောင်းအုပ်ဆိုတော့ မေးဖို့မြန်းဖို့နေမှာ၊ သူတော့ ပြန်လွတ်မလွတ်မသိရသေးဘူး။ ကားပေါ်ကဗိုလ်တစ်ယောက်က ရပ်ကွက်ထဲကလူတွေကို ညကျတွေ့မယ်ဆိုပြီးပြောသွားသေးတာ” လို့ စာသင်ကျောင်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရပြီးနောက် အထက ၅ စာသင်ကျောင်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်သား အများအပြားရောက်လာပြီး အောင်ချမ်းသာရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရတာကို တွေ့လိုက်တဲ့ဒေသခံတစ်ဦးကလည်း သူမြင်တွေ့ခဲ့ရတာကို အခုလို ပြန်ပြောပြပါတယ်။
“မနေ့က ကျောင်းထဲမှာ ရှစ်တန်းစာမေးပွဲရှိတာလေ။ ၉ နာရီ ၁၀ မိနစ်လောက်ကျ ကားလေးနဲ့ သူတို့(PDF) ကရောက်လာပြီးတော့ စာမေးပွဲဖြေရမှာ နောက်ကျနေလို့ဆိုပြီး ကျောင်းတံခါးဖွင့်ခိုင်းတာ။ သူတို့(စစ်ကောင်စီတပ်သား)က တံခါးထဖွင့်ပေးတော့ အဲဒီနေရာတင်ပစ်လိုက်တာ။ စစ်သားအငယ်က ပွဲချင်းပြီး၊ ပြီးတော့ဂိတ်တဲထဲက အသက်ကြီးကြီးစစ်သားကိုထပ်ပစ်တာ။ ထပ်ပစ်တော့ ပြေးလိုက်သေးတာ။ သူလည်းဆေးရုံရောက်တော့သေသွားတယ်။ ပစ်ပြီးတော့ သူတို့သေနတ်နှစ်လက်ကို ယူပြီး ကားလေးမောင်းပြီးထွက်သွားတာ”
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အထက ၅ စာသင်ကျောင်းဟာ မုံရွာဂေါက်ကလပ်ရဲ့ဘေးက စာသင်ကျောင်းဖြစ်ပြီး အနီးမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၆ တပ်ရင်းတစ်ခုလည်း ရှိပါတယ်။
အဲဒီပစ်ခတ်မှုကို မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့-TLWDF နဲ့ Monywa M4 တပ်ဖွဲ့က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေဆီက MA-3 သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်သားတွေဆီက သိမ်းဆည်းရမိတဲ့ သေနတ်နဲ့ ကျည်ဆန်တချို့။
ဓာတ်ပုံ-TLWDF

