ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်ခြင်းကို လနဲ့ချီခံနေရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ကုန်ပစ္စည်းပြတ်လပ်တာနဲ့ အလုပ်အကိုင်မရှိတော့တာတွေ ကြုံနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကုန်လမ်း၊ ရေလမ်းပိတ်ဆို့ခံထားရတဲ့ ရခိုင်တောင်ပိုင်းက ဂွနဲ့ သံတွဲဒေသတွေဘက်က တချို့ရွာတွေမှာ လုယက်မှုတွေဖြစ်လာကြသလို အလုပ်လက်မဲ့ဖြစ်ကာ တောင်းရမ်းစားသောက်ရတဲ့ အခြေအနေတွေအထိ ဖြစ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီက ပင်လယ်ပြင်မှာ ငါးဖမ်းခွင့်ကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကတည်းက ပိတ်ထားတာကြောင့် တံငါရွာတွေဟာပိုမိုခက်ခဲလာပြီး တောင်းရမ်းနေရတဲ့ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ သံတွဲမြို့က ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ပင်လယ်ထဲက တံငါရွာတွေ၊ ငပလီတို့ဘာတို့မှာ ငါးဖမ်းစားတဲ့ အခြေခံလူတန်းစားတွေက အခက်တွေ့တယ်။ မြို့မှာလည်း ဈေးတက်နေတော့ တချို့တွေ မြို့ပေါ်တက်လာပြီး တောင်းရမ်းစားသောက်နေရတာတွေရှိလာတယ်” လို့ ၎င်းကပြောပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာ၊ တရားဥပဒေစိုးမိုးမှု အားနည်းလာတာတွေကြောင့် ရခိုင်တောင်ပိုင်းဒေသတွေမှာ လုယက်မှုတွေ၊ ခိုးမှုတွေလည်း မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“မကြာသေးခင်ကပဲ ပင်လယ်နားက ကြိမ်းတောရွာဆိုတဲ့ ရွာမှာ လင်မယားနှစ်ယောက်တည်းရှိတဲ့အိမ်ကို ဓားပြလေးယောက်ဝင်တိုက်တယ်။ ယောကျ်ားက ပြန်ခုခံလို့ ဓားနဲ့အထိုးခံလိုက်ရတယ်။ အမှုတော့ဖွင့်ထားတယ်။ တရားခံတော့ အခုထိမမိသေးဘူး” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး ‘၁၀၂၇ စစ်ဆင်ရေး’အဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီ စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)က စတင်တိုက်ခိုက်ပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီဟာ ရခိုင်ပြည်နယ် တစ်ခုလုံးကို ဖြတ်လေးဖြတ်စစ်ဆင်ရေးလုပ်ပြီး ပိတ်ဆို့ထားတာ သုံးလတာကြာမြင့်နေပြီဖြစ်ပါတယ်။
မြို့နယ်ချင်းကူးလူးဆက်ဆံမှုအပါအဝင် ပြည်မဘက်က ကုန်စည်ကူးသန်းခွင့်တွေကိုပါ ပိတ်ဆို့ထားတာဖြစ်ပြီး ဒေသခံတွေဟာ ဒီဒဏ်ကို အလူးအလဲခံနေရတာ ဖြစ်ပါတယ်။
ဒေသတွင်းကထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ မြစ်၊ ချောင်းတွေက ထွက်ရှိတဲ့ငါးတွေကိုပဲ အဓိကထား စားသောက်နေရပြီး ပြည်မကတင်သွင်းရတဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေဟာ ဒေသတွင်းမှာ ဝယ်ယူရခက်ခဲနေပြီး ဈေးနှုန်းနှစ်ဆကျော် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အထူးသဖြင့် ဆေးကတော့ တော်တော်ရှားတယ်။ ဆေးဝါးတွေကို အလုံးအရင်းနဲ့ လေယာဉ်နဲ့ တင်ခွင့်မပေးဘူး။ ရန်ကုန်က အမျိုးရှိရင် သူ့ကို ဆေးစာနဲ့မှာရတာပေါ့။ အခုမြို့ပေါ်မှာတောင် ဆေးဝယ်လို့မရဘူး။ ဆေးရှားပါးတဲ့ ပြသနာတွေရှိတယ်” လို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၃ ကတည်းက စစ်ကောင်စီကို တိုက်ခိုက်လာတဲ့ ရက္ခိုင့်တပ်တော်ဟာ အခုဆိုရင် ပြည်နယ် မြောက်ဘက်က မြို့နယ်တွေဖြစ်တဲ့ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိတဲံ မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဒီလို တိုက်ပွဲအရှိန်ပြင်းထန်လာတာကြောင့် ရခိုင်မြောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေဟာ တောင်ပိုင်းဘက်ကို စစ်ရှောင်လာကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ပိုက်ဆံတွေဘာတွေ တတ်နိုင်တဲ့ သူတွေတော့ ရန်ကုန်ပြေးကြတာပေါ့၊ အခုက တိုက်ပွဲက တောင်ကုတ်နားလေးထိရောက်လာတော့ အဲ့ဒီဘက်ကလူတွေက ဒီဘက် သံတွဲ၊ ဂွဘက်ကို ဆင်းပြေးလာကြတယ်။ နီးစပ်ရာရွာတွေမှာ ဝင်နေကြတာတွေ များလာတယ်” လို့ သံတွဲဒေသခံက ပြောပါတယ်။
ဧရာဝတီတိုင်းနဲ့ နီးစပ်တဲ့ ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်မှာလည်း စစ်ကောင်စီက ခရီးသွားလာခွင့်တွေ၊ ကုန်စည်တင်ဆောင်ခွင့်တွေ ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေဟာ နှစ်ဆနီးပါး မြင့်တက်နေတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်က ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ “ဆန်တွေဘာတွေလည်း တစ်အိတ်ကို တစ်သိန်းအထက်မှာပဲ။ ကျွန်တော်တို့မှာ မြောက်ပိုင်းလောက်တော့ မဆိုးပေမယ့်။ နှစ်ဆလောက်တက်နေတာပဲ။ စက်သုံးဆီဆိုရင် ဆိုင်ကြီးတွေက ရောင်းမပေးနိုင်တော့ဘူး။ ကိုယ့်ဘာသာ ပေပါပုံးတွေနဲ့ မှောင်ခိုဈေးကွက်မှာ ဝယ်ရတယ်။ တစ်လီတာ ရေသန့်ဘူးတစ်ဘူးကို တစ်သောင်းလောက်ပေးဝယ်ရတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို ထိန်းချုပ်လာတဲ့ AA ဟာ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေပါတယ်။
လက်ရှိမှာ ရသေ့တောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မနေ့ကညပိုင်းမှာ AA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း လက်နက်ချဖို့ ယခုလ ၁၂ ရက်မှာ ရက္ခိုင့်တပ်တော်က အသိပေးထားတာကြောင့် စစ်တွေမြို့မှာ တိုက်ပွဲဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်နေပါတယ်။
စစ်ကောင်စီဟာ ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းသွားလာမှုတွေအားလုံး ဖြတ်တောက်ထားသလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။
ပုံစာ – ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စစ်ကောင်စီက ရခိုင်ကို စတင်ပိတ်ဆို့ပြီးနောက် သံတွဲမြို့မဈေးမှာ ဈေးဝယ်နေတဲ့ ဒေသခံများ
ဓာတ်ပုံ – ရိုးလှသန္တာ

