ရန်ကုန်-၂၀၂၅ ဩဂုတ် ၂၆ (မော်ကွန်း)
ပြည်သူလူထုအနေနဲ့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ရှောင်ရှားပြီး အကြမ်းမဖက်နည်းတွေနဲ့ ဆန့်ကျင်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဒီနေ့ထုတ်ပြန်သတိပေးပါတယ်။
ဒါပေမဲ့ စစ်ကော်မရှင်က ‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’နဲ့ ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’တွေကို ပြင်ဆင်ပြဌာန်းမှုကြောင့် ပြည်သူလူထုအနေနဲ့ အကြောက်တရားအောက်မှာ မိမိဆန္ဒမပါဝင်ဘဲ ပါဝင်ပေးရမယ့်အခြေအနေကို ကြုံနေရတယ်လို့ KNU က ဖော်ပြပါတယ်။
သို့သော် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းရေးကြိုးပမ်းတဲ့ ဒီရွေးကောက်ပွဲမှာပါဝင်သူတွေဟာ “ အဆိပ်ပင်ရေလောင်းသည့်သမိုင်းတရားခံ” ဖြစ်သွားနိုင်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပတာဟာ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို မျက်ကွယ်ပြုတာဖြစ်ပြီး “စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲ” ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြတယ်။
KNU အနေနဲ့ အခုကျင်းပမယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်ဘဲ ကရင်လူထု၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဆန့်ကျင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေရေးသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေမဟုတ်ဘူးလို့ KNU က ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်သလို ဒေသတွင်းမတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်လာစေမယ်လို့ ဆိုပါတယ်။
“အခြေအနေတွေက ၂၀၁၀ ရွေးကောက်ပွဲအပြီးတုန်းက လိုမျိုး၊ … နိုင်ငံတကာက သူတို့ကို အသိအမှတ်ပြုမယ်၊ ရင်းနှီးမြုပ်နှံမှုတွေ ပါလာမယ်၊ ဆန်ရှင်တွေ လျော့ကျမယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ပြီးတော့ ဘာညာပေါ့၊ အဲဒါတွေက သူတို့(စစ်ကော်မရှင်)စိတ်ကူးယဉ်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ ထွက်ပေါက်အဖြစ်ပြင်တာ ဖြစ်ရင်ဖြစ်မှာပေါ့” လို့ KNU ဗဟို ပြောခွင့်ရသူ ပဒိုစောတောနီးက မော်ကွန်းကို ဒီနေ့လယ်မှာ ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၁ တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု ကြမ်းခဲ့၊ ရမ်းခဲ့၊ ကျူးလွန်ခဲ့တာတွေကြောင့် သူတို့ စိတ်ကူးယဉ်သလိုဖြစ်လာမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က စစ်ကော်မရှင်ရွေးကောက်ပွဲကို ထောက်ခံမယ်လို့ပြောထားတာရှိတဲ့အတွက် သက်ရောက်မှုအချို့ ဖြစ်လာနိုင်ပေမယ့် အခြေအနေက ၂၀၁၀ အခင်းအကျင်းနဲ့ မတူဘူးဆိုတာ အဲဒီနိုင်ငံတွေ ရိပ်မိဖို့ လိုတယ်လို့ သူကဆက်ပြောပါတယ်။
၂၀၂၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ဒီနှစ် ဇူလိုင် လကုန်မှာတော့ သူတို့အမည်ကို စစ်ကော်မရှင်လို့ပြောင်းပြီး တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့အတူ ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းလာတာပါ။
ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ လူထုထောက်ခံမှုအမြင်ဆုံးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့ ရခိုင်အမျိုးသားပါတီလိုပါတီကြီးတွေ ပါဝင်မှာမဟုတ်ပါဘူး။
လတ်တလောမှာ KNU ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းတွေမှာ အာဏာသိမ်းစစ်ကော်မရှင်ကို စစ်ရေးဖိအားပေးထားနိုင်ပြီး ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်နဲ့ တကျောက စစ်ကော်မရှင်နယ်စပ်စခန်းအားလုံးနီးပါးကို သိမ်းယူထားပြီး ဖြစ်ပါတယ်။
ပုံစာ- ဒီလ ၁၂ ရက်က ကျင်းပတဲ့ (၇၅)ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားမှာတွေ့ရတဲ့ KNU တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ- KNU

